အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာဝေဒနာသည် ကလေးနှင့် ဆယ်ကျော်သက်များတွင်ရှိသည့် စိတ်ကျရောဂါ

စိတ်ကျရောဂါဆိုတာ ဘာလဲ။

ဆေးပညာအရ စိတ်ဓါတ်ကျခြင်း၊ အလွန်အကျူး စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်းဟု သိရှိသော စိတ်ကျရောဂါသည် အဖြစ်အများဆုံး စိတ်ကျန်းမာရေး ဖောက်ပြန်ခြင်းတစ်ခုဖြစ်သည်။ စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါသည် အပျို/လူပျိုဖော် ဝင်ပြီးနောက် ဖြစ်နိုင်ခြေများသည်။ စိတ်ကျရောဂါ၏ လက္ခဏာများတွင် ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း သို့မဟုတ် မျှော်လင့်ချက်မဲ့ခြင်းနှင့်၊ ဝါသနာ သို့မဟုတ် လုပ်ဆောင်ချက်များတွင် စိတ်မဝင်စားတော့ခြင်းတို့ ပါဝင်သည်။

ကလေးကင်ဆာကဲ့သို့ ပြင်းထန်သော ရောဂါဝေဒနာကို ခံစားနေရသူများအတွက် စိတ်ကျရောဂါ လက္ခဏာများ ရံဖန်ရံခါဖြစ်ပေါ်ခြင်းသည် ပုံမှန်ဖြစ်သည်။ သို့သော် စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်း၏ ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်ခြင်း၊ အချိန်ပိုမိုကြာခြင်းနှင့် နေ့စဉ်လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိခြင်းတို့ ဖြစ်ပေါ်သည်။ ဆေးပညာအရ စိတ်ကျခြင်းသည် စစ်မှန်သည့် နာမကျန်းမှုဖြစ်ပြီး လူနာများသည် စိတ်ရောဂါကုထုံး သို့မဟုတ် စိတ်ကျဝေဒနာကု ဆေးဝါးကဲ့သို့ အထူးကုသမှုလိုအပ်သည်။

ကလေးကင်ဆာကြောင့် ဖြစ်ပွားသည့် စိတ်ဖိစီးမှုမှလွဲ၍ လူနာအများစုသည် ဆေးပညာအရ စိတ်ကျခြင်း ဖြစ်ပွားလေ့မရှိပါ။ သို့သော် စိတ်ကျန်းမာရေးအတွက် ထောက်ပံ့မှုသည် လူနာနှင့် မိသားစုများအားလုံးကို အဆိုးမြင်သည့်အတွေးများနှင့် စိတ်ခံစားမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးနိုင်သည်။ စိတ်ကျန်းမာရေး ပညာရှင်သည် စိတ်ကျရောဂါ၏ လက္ခဏာများကို မိသားစုများ နားလည်စေရန်၊ ပိုမိုပြင်းထန်သည့် ဖောက်ပြန်မှုကို လက္ခဏာများက ဖော်ပြသည့်အချိန်အား သိရှိရန်နှင့် လူနာနှင့် မိသားစုက လိုအပ်သည်များနှင့် ကိုက်ညီသည့် အရင်းအမြစ်များကို ရှာတွေ့စေရန် ကူညီနိုင်သည်။

ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါ အမှတ်အသားနှင့် လက္ခဏာများ

ကင်ဆာဝေဒနာကို ခံစားနေရစဉ် (ကင်ဆာခရီးစဉ်) အတွင်း ဝမ်းနည်းခြင်း သို့မဟုတ် စိတ်မပါခြင်း အတွေးများ သို့မဟုတ် ခံစားမှုများ ရံဖန်ရံခါဖြစ်ပေါ်ခြင်းသည် ပုံမှန်ဖြစ်သည်။ သို့သော် အချို့လူနာများတွင် ၎င်းတို့၏ ခံစားပုံ၊ စဉ်းစားပုံနှင့် ပြုမူပုံတို့အပေါ် သက်ရောက်မှုရှိသည့် ပိုမိုပြင်းထန်၍ အချိန်ပိုကြာသော စိတ်ကျရောဂါ၏ လက္ခဏာများ ရှိနိုင်သည်။ ရောဂါလက္ခဏာများသည် အထူးသဖြင့် ကလေးနှင့် ဆယ်ကျော်သက်များတွင် ကွဲပြားမှုရှိနိုင်သည်။ စိတ်ဓာတ်ကျခြင်းတွင် ရောဂါလ္ခဏာများသည် အချိန်ကြာမြင့်စွာ ရှိပြီး ပူပင်သောက သို့မဟုတ် နေ့စဉ်လုပ်ဆောင်ချက်တွင် ပြဿနာများ ဖြစ်စေသည်။

ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါ အမှတ်အသားနှင့် လက္ခဏာများမှာ-

  • အချိန်အများစုတွင် ကျရှုံးခြင်း၊ စိတ်မပါခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်လွယ်ခြင်းတို့ကို ခံစားရခြင်း
  • ဝါသနာနှင့် လုပ်ဆောင်ချက်တွင် စိတ်မပါခြင်း သို့မဟုတ် မပျော်ရွှင်ခြင်း
  • အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ပျက်ခြင်း သို့မဟုတ် စိတ်ကုန်ခြင်း
  • တန်ဖိုးမရှိ၊ မျှော်လင့်ချက်မရှိ သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားရခြင်းများ
  • မိတ်ဆွေများနှင့် မိသားစုမှ ခပ်ခွာခွာနေခြင်း
  • အိပ်မပျော်ခြင်း
  • စဉ်းစားရာတွင် သို့မဟုတ် အာရုံစူးစိုက်ရာတွင် အခက်အခဲရှိခြင်း၊ ဆုံးဖြတ်ချက်များ မချနိုင်ခြင်း
  • ဂနာမငြိမ်ခြင်း ၊ တည်တည်ငြိမ်ငြိမ် နေ၍မရခြင်း သို့မဟုတ် စကားပြောဆိုခြင်း သို့မဟုတ် လှုပ်ရှားခြင်းတွင် နှေးကွေးခြင်း
  • ခံတွင်းပျက်ခြင်း သို့မဟုတ် အစားအသောက် ပုံစံပြောင်းခြင်း
  • ပုံမှန်ထက် ပိုမိုအော်ဟစ်ငိုယိုခြင်း
  • နုံးခွေခြင်း (အားမရှိခြင်း)
  • သေဆုံးရန် သို့မဟုတ် မိမိကိုယ်ကို သတ်သေရန် အတွေးများရှိခြင်း

ကလေးနှင့် အရွယ်ရောက်စများတွင် စိတ်ကျရောဂါသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက ကွဲပြားမှုရှိနိုင်သည်။ ဥပမာ ကလေးနှင့် အရွယ်ရောက်စများသည် ပိုမို၍ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အာခံခြင်းတို့ ဖြစ်နိုင်သည်။ ၎င်းတို့သည် မကျေနပ်ကြောင်း အမူအကျင့်များကို ပိုမိုပြသနိုင်သည် သို့မဟုတ် အန္တရာယ်များသော အပြုအမူများကို လုပ်ဆောင်နိုင်သည်။

စိတ်ကျရောဂါ လက္ခဏာများသည် ကင်ဆာရောဂါခံစားနေရချိန်အတွင်းတွင် မည်သည့်အခြေအနေတွင်မဆို ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် စိတ်ကျရောဂါကို ကင်ဆာရောဂါကုသမှုများ သို့မဟုတ် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ‌‌ သို့မဟုတ် ခန္ဓာကိုယ် ဖျားနာမှုကြောင့်ဖြစ်သော ရောဂါလက္ခဏာများနှင့် မှားယွင်းနိုင်သည်။ အကောင်းဆုံးဖြစ်သည့် ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရန် တိကျသော ရောဂါရှာဖွေခြင်းသည် အရေးကြီးသည်။ လူနာသည် စိတ်ကျရောဂါ လက္ခဏာများကို ပြသပါက နောက်ထပ် အကဲဖြတ်မှုအတွက် မိသားစုသည် စိတ်ကျန်းမာရေး ပညာရှင်ဆီသို့ ညွှန်းပို့သင့်သည်။ စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များ၊ လူမှုအလုပ်သမားများ၊ တိုင်ပင်ဆွေးနွေးသည့် ပညာရှင်များနှင့် အခြား စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများသည် စိတ်အခြေအနေ ဖောက်ပြန်မှုများနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာများကို ကုသရန်နှင့် ရောဂါရှာဖွေရန် အထူးသင်တန်း ဆင်းထားသည်။

ကင်ဆာဝေဒနာသည် ကလေးနှင့် ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ

ကင်ဆာကဲ့သို့ ပြင်းထန်သော နာမကျန်းဖြစ်မှုသည် စိတ်ကျရောဂါ ဖြစ်နိုင်သည့် အချက်တစ်ချက်ဖြစ်သည်။ ဆိုလိုသည်မှာ ကလေးကင်ဆာဝေဒနာသည် ကလေးများသည် ကျန်းမာသည့် အသက်အရွယ်တူ ကလေးများနှင့် နှိုင်းယှဉ်ပါက စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။ ဖြစ်နိုင်ခြေရှိသည့် အချက်များ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိခြင်းသည် စိတ်ကျရောဂါ ဖြစ်လိမ့်မည်ဟု မဆိုလိုပါ။ မည်သို့ပင်ဖြစ်စေ ဖြစ်နိုင်ခြေရှိသည့် အချက်များကို သိရှိပါက ပိုမိုစောင့်ကြည့်ရန်နှင့် စိတ်ကျန်းမာရေးကို ပံ့ပိုးသည့် အဆင့်များကို လုပ်ဆောင်ရန် မိသားစုများအား ကူညီနိုင်သည်။

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အချက်များမှာ-

  • နာတာရှည် နာမကျန်းခြင်း
  • ယခင် စိတ်ဓာတ်ကျဖွယ် အခြေအနေ
  • စိတ်ကျရောဂါ သို့မဟုတ် အခြားစိတ်ကျန်းမာရေး ချို့ယွင်းမှုဆိုင်ရာ မိသားစုမှတ်တမ်း
  • မိသားစု စိတ်ဖိစီးမှု သို့မဟုတ် ပဋိပက္ခ
  • စိတ်ဖိစီးမှုများသော ဘဝဖြစ်ရပ်များ သို့မဟုတ် အခြေအနေများ
  • ညှဉ်းပန်းနှိပ်စက်ခြင်း၊ လျစ်လျူရှုခြင်း သို့မဟုတ် ကြီးကြီးမားမား တစ်စုံတစ်ရာ ဆုံးရှုံးခြင်းကဲ့သို့ ကလေးငယ်ဘဝ စိတ်ဒဏ်ရာ သို့မဟုတ် စိတ်ဖိစီးမှု
  • ကျောင်း သို့မဟုတ် သက်တူရွယ်တူများနှင့် ပြဿနာများရှိခြင်း
  • အနိုင်ကျင့်ခံရခြင်း သို့မဟုတ် သင်းကွဲနေခြင်း (တစ်ကိုယ်တည်းနေခြင်း)
  • ဦးနှောက်ထိခိုက်ဒဏ်ရာ ရခြင်း
  • ကိုင်တွယ်ဖြေရှင်းမှု စွမ်းရည်နည်းခြင်း သို့မဟုတ် အထောက်အပံ့ အရင်းအမြစ်များ မရှိခြင်း
  • မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ADHD သို့မဟုတ် သင်ယူမှု ခက်ခဲခြင်းကဲ့သို့ အခြားစိတ်ကျန်းမာရေး ဖောက်ပြန်မှုများ

ကင်ဆာဝေဒနာကို ခံစားနေရစဉ်အတွင်း အခြားအချက်မျိုးစုံသည် စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိသည်။ ကုသမှုနှင့် လုပ်ငန်းစဉ်များ၊ နာကျင်မှု၊ ဘေးထွက်ဆိုးကျိုးများ၊ဆေးဝါးများ၊ ဟော်မုန်းပြောင်းလဲမှုများ၊ အာဟာရ အားနည်းခြင်း၊ အိပ်မပျော်ခြင်းနှင့် ရှင်သန်ရာဘဝတွင် အနှောင့်အယှက်ဖြစ်ခြင်းများကြောင့် ၄င်းကိုကိုင်တွယ်ဖြေရှင်းရန် ခက်ခဲစေသည်။ လူနာများသည် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ၊ ခန္ဓာကိုယ်ပုံစံ၊ အထောက်အထား၊ ကျောင်း သို့မဟုတ် အလုပ်တွင် လုပ်ဆောင်နိုင်စွမ်း၊ မျိုးပွားနိုင်စွမ်း၊ ပတ်သက်ဆက်နွယ်မှုများ၊ လွတ်လပ်မှုနှင့် ရှင်သန်မှုတို့ကဲ့သို့ ရေရှည်ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် "ပုံမှန်အသစ်" ကို လက်ခံရန် ရုန်းကန်ရနိုင်သည်။ အချို့လူနာများတွင် ထိုအချက်များသည် စိတ်ကျရောဂါ ဖြစ်ပွားမှုကို အားပေးသည်။

ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်းရောဂါ အမျိုးအစားများ

စိတ်ကျန်းမာရေး ပညာရှင်သည် စိတ်ကျန်းမာရေး ပြဿနာများကို စိစစ်ရန်နှင့် ရောဂါရှာဖွေရန် သတ်မှတ်ထားသော လမ်းညွှန်ချက်အချို့ကို အသုံးပြုသည်။ ကင်ဆာဝေဒနာကို ခံစားနေရစဉ်အတွင်း နာမကျန်းဖြစ်မှု၏ သက်ရောက်မှုများနှင့် ကုသမှုများကြောင့် ရောဂါရှာဖွေမှုသည် ပိုမိုရှုပ်ထွေးနိုင်သည်။ ကလေးအရွယ် စိတ်ကျရောဂါနှင့် သက်ဆိုင်သည့် ဖြစ်လေ့ရှိသော ဖောက်ပြန်မှုများမှာ-

လူနာတွင် ရောဂါရှာဖွေ၍ တွေ့ရှိနိုင်သည့် စိတ်ရောဂါ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ကျရောဂါ၏ လက္ခဏာများကို စီမံခန့်ခွဲခြင်းမှာ အရေးကြီးသည်။ စိတ်ကျရောဂါ၏ လက္ခဏာများသည်-

  • ကျန်းမာရေး ပြဿနာများနှင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများအပေါ် သက်ရောက်မှု ရှိနိုင်သည်
  • ကင်ဆာရောဂါနှင့် သက်ဆိုင်သည့် ပြုစုရေးနှင့် ဆေးကုသမှုရလဒ်များအပေါ် အနှောင့်အယှက်ပေးနိုင်သည်
  • လူမှုရေး ဆက်နွယ်မှုများအပေါ် သက်ရောက်မှု ရှိနိုင်သည်
  • ကျောင်း သို့မဟုတ် အလုပ်တွင် လုပ်ငန်းဆောင်တာများ ခက်ခဲနိုင်သည်
  • အာဟာရ၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အခြားကျန်းမာရေးဆိုင်ရာ အပြုအမူများအပေါ် သက်ရောက်မှုရှိနိုင်သည်
  • အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် မိမိကိုယ်ကို နာကျင်စေခြင်းကဲ့သို့ အခြားပြဿနာဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။
  • မိမိကိုယ်ကို သတ်သေနိုင်ခြေကို တိုးစေသည်။

စိတ်ဓာတ်ကျခြင်းရောဂါသည် စိုးရိမ်စိတ်လွန်ကဲခြင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲမှု လွန်ကဲခြင်းများနှင့် အာရုံစူးစိုက်မှု အားနည်း၍ တက်ကြွလွန်ရောဂါ (ADHD) ကဲ့သို့ အဖြစ်များသော အခြားစိတ်ကျန်းမာရေး ပြဿနာများနှင့်လည်း အတူတကွ ဖြစ်ပေါ်နိုင်သည်။

ကလေးကင်ဆာအခြေအနေတွင် ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းသည် အလွန်အရေးကြီးသည်။ စိတ်ကျရောဂါသည် ကလေး သို့မဟုတ် ဆယ်ကျော်သက်၏ အထွေထွေ ကျန်းမာရေးနှင့် ဘဝအရည်အသွေးအပေါ် အနှုတ်သဘောဆောင်သည့် သက်ရောက်မှု ရှိစေရုံမျှမက၊ ထိန်းချုပ်ခြင်းမရှိသော စိတ်ကျရောဂါသည် ကုသမှု သို့မဟုတ် ရောဂါလက္ခဏာ စီမံခန့်ခွဲမှုကို လိုက်နာခြင်းနှင့် ပတ်သက်သော ပြဿနာများကဲ့သို့ ရလဒ်နှင့် ကလေး၏ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု အပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။

ဒေါက်တာ ခရစ်တင်း ကန်နာဝါရာ၊ ကလေးစိတ်ပညာရှင်

ကလေးများနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါကို ကုသခြင်း

စိတ်ရောဂါကုထုံး သို့မဟုတ် စိတ်ကျဝေဒနာကု ဆေးဝါးများသည် စိတ်ဓာတ်ကျရောဂါအတွက် ကနဦး ကုသမှုများဖြစ်သည်။ စိတ်ကျဝေဒနာကု ဆေးဝါးကုထုံးအား တုံ့ပြန်ပုံသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပါ၊ ထို့ပြင် စိတ်ကျရောဂါ သက်သာစေရန်အတွက် အချိန်တစ်ခု ကြာနိုင်သည်။

ကင်ဆာရောဂါကို ခံစားနေရစဉ်အတွင်း လူနာနှင့် မိသားစုများ ရင်ဆိုင်နေရသည့် ဖိအားနှင့် စိန်ခေါ်မှုများကြားတွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှု သည် ပိုမိုရှုပ်ထွေးနိုင်သည်။ လူနာများသည် ကင်ဆာကုသမှုနှင့် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ ခံယူနေစဉ်တွင် စိတ်ကျရောဂါအတွက် သင့်လျော်သည့် ကုသမှု ရရှိကြောင်း သေချာစေရန် စွယ်စုံရ ပြုစုစောင့်ရှောက်ရေး အဖွဲ့က အတည်ပြုရန် အရေးကြီးသည်။

စိတ်ကျရောဂါအတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပံ့ပိုးသူများမှာ-

  • စိတ်ကျန်းမာရေး ဆရာဝန်များ
  • စိတ်ပညာရှင်များ
  • စိတ်ကျန်းမာရေး သူနာပြုများ
  • ကုသရေးဆိုင်ရာ လူမှုလုပ်သားများ
  • တိုင်ပင်ဆွေးနွေးသည့် ပညာရှင်များ
  • တိုင်ပင်ဆွေးနွေးသည့် ဘုန်းတော်ကြီးများ
 

စိတ်ကျရောဂါအတွက် စိတ်ရောဂါကုထုံး

စိတ်ရောဂါကုထုံး သို့မဟုတ် "ပြောဆိုခြင်းကုထုံး" သည် စိတ်ကျရောဂါအတွက် အဓိကကုသမှုဖြစ်သည်။ စိတ်ကျရောဂါအတွက် အထိရောက်ဆုံး စိတ်ကုထုံးတစ်ခုသည် ပြုမူကျင့်ကြံပုံများကို သိစေမှု ကုထုံး (CBT) ဖြစ်သည်။ CBT သည် လူနာများအား မကောင်းသည့် အတွေးနှင့် အပြုအမူများကို ရှာဖွေဖော်ထုတ်ရန်နှင့် အခြေအနေများကို ပိုမိုကောင်းမွန်သည့် လမ်းနည်းဖြင့် တုံ့ပြန်ရန် ကူညီပေးသည်။ စိတ်ကုထုံးသည် ပြဿနာများဖြေရှင်းရန်၊ ပတ်သက်ဆက်နွယ်မှုများကို ပိုမိုတိုးတက်စေရန် သို့မဟုတ် စိတ်ဖိစီးမှုကို စီမံရန် စွမ်းရည်များ တိုးတက်စေရန်လုပ်ခြင်းအပေါ်တွင်လည်း အာရုံစိုက်နိုင်သည်။ စိတ်လျှော့ခြင်းနှင့် သတိပဋ္ဌာန်နည်းများ၊ အနုပညာကုထုံး၊ ဂီတကုထုံးနှင့် ကစားခြင်းကုထုံးတို့ကဲ့သို့ အချို့ကိုင်တွယ်ဖြေရှင်းနည်းများသည် စိတ်ကျရောဂါရှိသည့် ကလေးနှင့် ဆယ်ကျော်သက်များအတွက် အကူအညီဖြစ်နိုင်သည်။ စိတ်ကုထုံးသည် တစ်ဦးချင်း၊ အဖွဲ့လိုက် သို့မဟုတ် မိသားစုကုထုံးအပါအဝင် အခြေအနေအမျိုးမျိုးတွင် လုပ်ဆောင်နိုင်သည်။

စိတ်ကျဝေဒနာကု ဆေးဝါးများ

ဆရာဝန်သည် စိတ်ကျရောဂါအတွက် ဆေးညွှန်းပေးနိုင်သည်။ စိတ်ကျဝေဒနာကု ဆေးဝါးသည် စိတ်ဓာတ်ကျရောဂါကို ကုသသည့်အခါ အချိန်အတော်ကြာ သက်ရောက်မှုရှိသည်။ ထိုဆေးများသည် စိတ်ဓာတ်ကျခြင်း၌ ပါဝင်သည်ဟု ယူဆသည့် အာရုံကြောလှုံ့ဆော်သည့် ပစ္စည်းများတွင် သက်ရောက်မှုရှိသည်။ အချို့လူနာများသည် အကျိုးကျေးဇူး အပြည့်အဝ ရရှိစေရန် ပေါင်းစပ်ဆေးဝါးများ လိုအပ်နိုင်သည်။

ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါကို ကုသရာတွင် အသုံးပြုသည့် ဆေးများမှာ-

  • Fluoxetine (Prozac®)
  • Sertraline (Zoloft®)
  • Citalopram (Celexa®)
  • Escitalopram (Lexapro®)
  • Venlafaxine (Effexor®)
  • Duloxetine (Cymbalta®)
  • Bupropion (Wellbutrin®)

စိတ်ကျဝေဒနာကု ဆေးဝါးသောက်နေရသော လူနာများသည် ဆေးများ ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ဆရာဝန်ထံသို့ ပုံမှန်ပြသင့်သည်။ ရှားပါးသည့် အခြေအနေများတွင် အချို့ဆေးများသည် ရန်လိုသည့်အပြုအမူ ဖြစ်စေနိုင်သည် သို့မဟုတ် မိမိကိုယ်ကို သတ်သေနိုင်ခြေကို တိုးစေနိုင်သည်။

ဆေးဝါးသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးသည်။ လူနာများသည် ဆေးစာတွင် ပြောထားသည်ထက်ပို၍ မသောက်သင့်ပါ၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ဆေးသောက်ခြင်းကို မရပ်သင့်ပါ။ စိတ်ကျရောဂါသည် တိုးတက်ကောင်းမွန်လာခြင်းမရှိပါက ဆရာဝန်ကို အသိပေးပါ။

သင့်အား စိတ်ကျဝေဒနာကုဆေး ဆေးညွှန်းရေးပေးသည့်အခါ သင့်ဆရာဝန်ကို မေးရမည့် မေးခွန်းများမှာ-

  • စိတ်ကျရောဂါ လက္ခဏာများသည် မည်သည့်အချိန်တွင် တိုးတက်သင့်သလဲ။
  • ဤဆေးကိုသောက်နေစဉ်တွင် မသောက်သင့်သည့် ဆေး သို့မဟုတ် ဓာတ်စာများ ရှိပါသလား။
  • ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။
  • မည်သည့်ဘေးထွက်ဆိုးကျိုးများကို အဓိက စိုးရိမ်သင့်သလဲ။
  • ဆေးတစ်ခွက်စာ(၁ ကြိမ်စာ) မသောက်မိပါက မည်သို့လုပ်ဆောင်သင့်သလဲ။
  • ဤဆေးကို ဘယ်လောက်ကြာကြာ သောက်ရမလဲ။

အချို့ကင်ဆာအမျိုးအစားနှင့် ကုသမှုများသည် ဆေးကုသခြင်းအား ခန္ဓာကိုယ်က တုံ့ပြန်ပုံကို ပြောင်းလဲနိုင်သည်။ အချို့ စိတ်ကျဝေဒနာကု ဆေးဝါးကိုသာသုံးရန် သို့မဟုတ် စိတ်ကျရောဂါအတွက် ဆေးညွှန်းလေ့မရှိသည့် ဆေးဝါးများကိုသုံးရန် လိုအပ်နိုင်သည်။ သင့်ကုသမှု အစီအစဉ် သို့မဟုတ် ဆေးဝါးများတွင် ပြောင်းလဲမှု တစ်စုံတစ်ခု ဖြစ်ပေါ်ပါက သင်၏ အပြည့်အဝ ပြုစုစောင့်ရှောက်ရေးအဖွဲ့ထံ ချက်ချင်း သတင်းပို့ပါ။ ထို့ပြင် သင့်တွင် မေးခွန်းများ သို့မဟုတ် ပြဿနာများရှိပါက သတ်မှတ်ဆေးဝါးကို ရွေးချယ်ရသည့် အကြောင်းအရင်းအား ပွင့်လင်းစွာမေးပါ။

စိတ်ကျရောဂါအား ကုသရာတွင် အသုံးပြုသော ဆေးဝါးများကို အညွှန်းတွင် ဖော်ပြထားသည့် ပမာဏထက် သို့မဟုတ် အကြိမ်ရေထက် ပိုသောက်ပါက သို့မဟုတ် ခဏသာသောက်ပြီး ဆက်လက်မသောက်တော့ပါက အန္တရာယ်ရှိနိုင်သည်။ ဆေးပြောင်းလဲသောက်ခြင်းများ မလုပ်မီ သင့်ဆရာဝန်အား မေးမြန်းပါ။ ဆေးများကို လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ မရောက်နိုင်သည့်နေရာတွင် ထားပါ။

စိတ်ကျရောဂါရှိသည် ကလေးများနှင့် ဆယ်ကျော်သက်များအား မိမိကိုယ်ကို သတ်သေနိုင်ခြေနှင့် ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်းအတွက် စောင့်ကြည့်သင့်သည်။ စိတ်ကျရောဂါ ပြန်လည်ဆိုးရွားလာခြင်းမှ ကာကွယ်ရန် လူနာများသည် ကုထုံးကို အဆက်မပြတ်လုပ်ဆောင်ရန် လိုအပ်သည်။

စိတ်ကျရောဂါ လက္ခဏာများကို ကိုင်တွယ်ဖြေရှင်းခြင်း- လူနာများနှင့် ပြုစုစောင့်ရှောက်မှုပေးသူများအတွက် အကြံပြုချက်များ

  • အတွေးနှင့် စိတ်ခံစားမှုများအကြောင်း ပြောပြစေရန် ကလေးနှင့် ဆယ်ကျော်သက်များကို ကူညီပါ။ အထောက်အပံ့ဖြစ်စေပြီးနေပြီး နားထောင်ပါ။ စိတ်ကျရောဂါ ခံစားနေရသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ ခံစားချက်များကို ကွယ်ဝှက်ထားနိုင်သည် သို့မဟုတ် ဆွေးနွေးခြင်းကို ရှောင်ကြဉ်နိုင်သည်။ ပွင့်လင်းရိုးသားစွာ ပြောဆိုရန်အတွက် လုံခြုံစိတ်ချရသည့် နေရာတစ်ခုဖန်တီးပါ။ ခံစားမှုများအကြောင်း ပြောဆိုခြင်းအပြင်၊ အတွေးနှင့် ခံစားချက်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိပ္ပါယ်ရှိသည့် နည်းလမ်းဖြင့် ဖော်ပြနိုင်ရန် သင့်ကလေးကို ကူညီပါ။ မှတ်တမ်းရေးခြင်း၊ အနုပညာ၊ ဂီတနှင့် ဓာတ်ပုံရိုက်ခြင်းတို့သည် မိမိကိုယ်ကို ဖော်ပြရန်အတွက် တီထွင်ဖန်တီးမှုရှိသည့် နည်းလမ်းများဖြစ်နိုင်သည်။ လူတိုင်းတွင် မတူညီသည့် ဆက်သွယ်မှုပုံစံနှင့် အကြိုက်များရှိကြောင်း မှတ်သားထားပါ။
  • လူမှုထောက်ပံ့မှုကို အားပေးပါ။ လူမှုအထောက်အပံ့ကောင်းတစ်ခု ရှိခြင်းသည် စိတ်ကျရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ကလေးနှင့် ဆယ်ကျော်သက်များကို မိတ်ဆွေ၊ မိသားစုများနှင့် အဆက်အသွယ် မပြတ်စေရန် ကူညီပါ၊ ထို့ပြင် အဓိပ္ပါယ်ရှိသည့် ဆက်နွယ်မှုများကို အားပေးသော နည်းလမ်းများရှာပါ။ ထောက်ပံ့ရေးအဖွဲ့များသည် ကင်ဆာရောဂါ ဖြစ်စဉ်ကို နားလည်သောသူများနှင့် ဆက်နွယ်မှုအသစ်များ တည်ဆောက်နိုင်ရန်လည်း ကမ်းလှမ်းနိုင်သည်။
  • လှုပ်ရှားမှုများနှင့် စိတ်ဝင်စားသည့်ကိစ္စများတွင် ပါဝင်ရန် အားပေးပါ။ သင့်ကလေးနှင့် ဆယ်ကျော်သက်ကို ဝါသနာများ၊ သင်ရိုးညွှန်းပြင်ပ လှုပ်ရှားမှုများ၊ အားကစားများ သို့မဟုတ် အခြားစိတ်ဝင်စားမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ရန် အားပေးပါ။ လုပ်ဆောင်ချက် အများအပြားတွင် ပါဝင်ခြင်းဖြင့် စိတ်အခြေအနေကို ကောင်းမွန်စေရန်၊ လူမှုရေးတွင် သီးခြားဖြစ်နေမှုကို လျော့နည်းစေရန်၊ မိမိကိုယ်ကို တန်ဖိုးထားမှုကို တိုးတက်စေရန်နှင့် လူမှုထောက်ပံ့မှုအတွက် နောက်ထပ်အခွင့်အလမ်းများ ပံ့ပိုးရန် ကူညီနိုင်သည်။
  • အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ပါ။ ကင်ဆာရောဂါ ကာလအတွင်းရှိ စိန်ခေါ်မှုများသည် ခက်ခဲနိုင်သည်။ မည်မျှ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ရုန်းကန်မှု သို့မဟုတ် ဟန့်တားမှုတိုင်းသည် စိတ်ကျန်းမာရေးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်သည်။ လူတိုင်းသည် စိတ်ဖိစီးမှုများသည့် ဖြစ်ရပ်များကို တုံ့ပြန်ပုံများ မတူညီကြပါ။ မကောင်းသည့်အတွေး သို့မဟုတ် စိတ်ခံစားမှုများကို ဖြစ်စေသည့် အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ရန် သင့်ကလေးအား ကူညီပါ။ သင့်ကလေးက သင်နှင့်မျှဝေသည် အရာသည် -- သင့်အတွက် "ဘာမှမဟုတ်" သော်လည်း သင့်ကလေးအတွက် အလွန်စိတ်မကောင်းဖွယ်ဖြစ်သည့် အရာဖြစ်ကြောင်း နားလည်ထားပါ။
  • စိတ်ကျရောဂါ၏ လက္ခဏာများကို ကူညီစီမံရန် အရင်းအမြစ်နှင့် နည်းစနစ် မျိုးစုံကို အသုံးပြုပါ။ စိတ်ကျရောဂါသည် မည်သူတွင်မဆို မည်သည့်အချိန်၌မဆို ဖြစ်ပွားနိုင်သည်။ သို့သော် ကိုင်တွယ်ဖြေရှင်းသည့် စွမ်းရည်များ၊ နည်းစနစ်များနှင့် အရင်းအမြစ်များသည် စိတ်ကျန်းမာရေးကို ကာကွယ်နိုင်ပြီး ကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။
  • လေ့ကျင့်ခန်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်းနှင့် ကောင်းစွာအိပ်ပျော်သည့် အလေ့အကျင့်များ အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများကို အားပေးပါ။ ကိုယ်လက်လှုပ်ရှားမှုသည် ဆေးဘက်ဆိုင်ရာ စိတ်ကျရောဂါရှိသည့် လူများတွင်တောင်မှ စိတ်ကျရောဂါ လက္ခဏာများကို လျှော့ချပေးကြောင်း သက်သေပြပြီးဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရကို စားသုံးခြင်းနှင့်ကောင်းမွန်စွာ အိပ်စက်ခြင်းတို့သည်လည်း စိတ်ကျန်းမာရေးအတွက် အရေးကြီးသည်။ ရည်မှန်းချက်အသေးစားများ သတ်မှတ်ပါ၊ သင့်ကလေးနှစ်သက်သည့် ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအစားများကို ရွေးချယ်ပါ။ ပုံမှန်အိပ်ချိန်ဇယားအတိုင်း အိပ်စက်ရန် ကြိုးစားပါ၊ အနားယူချိန်တွင် အနှောင့်အယှက်များကို ကန့်သတ်ပါ။
  • စိတ်ကျရောဂါ လက္ခဏာများ ပိုမိုဆိုးရွားပါက သင့်ကလေးအတွက် (သို့မဟုတ် သင်ကိုယ်တိုင်အတွက်) အကူအညီ ရှာဖွေပါ။ စိတ်ကျန်းမာရေးသည် ကင်ဆာရောဂါကာလအတွင်း ဆေးကုသမှုနှင့် နှိုင်းယှဉ်ပါက နောက်တန်းသို့ ရောက်သွားသည်။ သို့သော် စိတ်ကျရောဂါသည် ကျန်းမာရေးနှင့် ဆေးရလဒ်များအပေါ် မကောင်းသည့် သက်ရောက်မှုရှိနိုင်သည်။ စိတ်ကျရောဂါသည် အမှန်တကယ် နာမကျန်းဖြစ်ခြင်းဖြစ်သည်။ အကူအညီတောင်းခံခြင်းသည် အားနည်းခြင်းမဟုတ်ပေ။ သင့်ပြုစုစောင့်ရှောက်ရေး အဖွဲ့ သို့မဟုတ် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူကို ပြောဆိုပါ။ မိမိကိုယ်ကို သတ်သေနိုင်ခြေရှိပါက အကူအညီ ချက်ချင်းရှာဖွေပါ။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူများ၏ စိတ်ကျရောဂါ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူများရှိ စိတ်ကျရောဂါ ဖြစ်ပွားနှုန်းသည် သာမန် လူများထက် နှစ်ဆပိုများသည်။ တိုးလာသည့် နှုန်း၏ အကြောင်းအရင်းများကို အပြည့်အဝ မသိရှိသေးပါ။ သို့သော် အသက်ရှင်သူ အများအပြားသည် အောက်ပါကဲ့သို့ တသက်တာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်-

  • ဦးနှောက် သို့မဟုတ် ပင်မအာရုံကြောစနစ် (CNS) သို့ တိုက်ရိုက်ပြုလုပ်သည့် ကုသမှုများကြောင့် ဦးနှောက်ပြောင်းလဲမှုများ
  • ဆက်လက်ဖြစ်ပေါ်နေသော ကျန်းမာရေး ပြဿနာများနှင့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ
  • ကျောင်း၊ အလုပ်နှင့် အမှီအခိုကင်းစွာ နေထိုင်ခြင်းရှိ ပြဿနာများ
  • မိသားစု သို့မဟုတ် ဆက်နွယ်မှု ပြဿနာများ
  • ငွေကြေးဆိုင်ရာ ကိစ္စရပ်များ

အလုံးစုံ ကုသအောင်မြင်သူ ပြုစုစောင့်ရှောက်ရေး အစီအစဉ်တွင် ကင်ဆာပြီးနောက် ရေရှည် ကျန်းမာရေးနှင့် ဘဝအရည်အသွေးအတွက် အရေးကြီးသည့် ဆက်လက်လုပ်ဆောင်ရမည့် စိတ်ကျန်းမာရေးနှင့် အထောက်အပံ့တို့ ပါဝင်သည်။

စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူများက လုပ်ဆောင်နိုင်သည့် အဆင့်များ-

  • ကောင်းမွန်သော အိပ်စက်သည့် အလေ့အထများ ရှိခြင်း။
  • ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
  • ကျန်းမာရေးလျော်ညီသော အစားအစာကိုသာ စားပါ။
  • ထောက်ပံ့မှု ကွန်ရက်ကို တည်ဆောက်ပါ။
  • ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ပါ။
  • စိတ်ကျန်းမာရေးကို သတိပြု၍ လိုအပ်ပါက အကူအညီ ရှာဖွေပါ။
 

ကလေးများနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါအကြောင်း နောက်ထပ်အချက်အလက်များအတွက် အရင်းအမြစ်များ

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဧပြီလ၊ ၂၀၁၉ ခုနှစ်