အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပင်မသွေးပြန်ကြောပိုက်မှတစ်ဆင့် သွေးထဲသို့ ရောဂါပိုးများဝင်ရောက်ခြင်း (CLABSI)

CLABSI ဆိုတာဘာလဲ?

ပင်မသွေးပြန်ကြောပိုက် သို့မဟုတ် "ပင်မသွေးကြောပိုက်" အမျိုးအစားတစ်ခုခု ဥပမာ။ ။ လက်မောင်းသွေးပြန်ကြောမှတစ်ဆင့် တပ်ဆင်ထားသော ပင်မသွေးပြန်ကြောပိုက် (PICC)၊ ‌အရေပြားအောက်တွင် လိုဏ်ခေါင်းပြုလုပ်၍ ထည့်ထားသော သွေးပြန်ကြောပိုက် သို့မဟုတ် အရေပြားအောက်တွင်မြှုပ်ထားသော ပင်မသွေးပြန်ကြောပိုက် စသည်တို့ကို တပ်ဆင်ထားသည့် လူနာများတွင် ထိုပိုက်တို့မှတစ်ဆင့် သွေးထဲသို့ရောဂါပိုးများ ဝင်ရောက်သွားနိုင်ခြေရှိသည်။ CLABSI ဟုအတိုကောက် ခေါ်ဆိုသည်။ ထိုသို့ရောဂါပိုးကူးစက်ခြင်းမှာ ပင်မသွေးပြန်ကြောပိုက်မှတဆင့် လူနာ၏သွေးအတွင်းသို့ ရောဂါပိုးများဝင်သွားသောအခါတွင် ဖြစ်ပေါ်နိုင်သည်။

ပင်မသွေးပြန်ကြောပိုက်တစ်ခုတွင် ရောဂါပိုးကူးစက်ခံထားရသည့် လက္ခဏာများမှာ

  • နာကျင်မှု
  • ပိုက်တပ်ဆင်ထားသောနေရာတစ်ဝိုက်တွင် နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ သို့မဟုတ် ပူနွေးလာခြင်း
  • ပင်မသွေးပြန်ကြောပိုက် တပ်ဆင်ထားသောနေရာတစ်ဝိုက်တွင်ပြည်တည်နေခြင်း သို့မဟုတ် အနံ့ဆိုးများ ထွက်နေခြင်း
  • ချမ်းတုန်ခြင်း
  • 100.4 ဒီဂရီနှင့် အထက်ဖျားခြင်း စသည်တို့ပါဝင်သည်။

CLABSI သည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါသည်များ၏ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်သည်။ လူနာတစ်ဦးတွင် ထိုရောဂါပိုးဝင်သည့် လက္ခဏာရှိနေပါကဆရာဝန်ကို ချက်ချင်းဆက်သွယ်ပြီး သို့မဟုတ် အရေးပေါ်ဆေးခန်းသို့သွား၍ စောင့်ရှာက်မှုခံယူရန် အရေးကြီးပါသည်။ မိသားစုများသည် ၄င်းတို့၏စောင့်ရှာက်ကုသ‌ရေးအဖွဲ့အား လုပ်ဆောင်ရမည့် တိကျသည့်ညွှန်ကြားချက်များကို မေးသင့်ပါသည်။

ဖျားနာခြင်းနှင့် ရောဂါပိုးဝင်ရောက်သည့်လက္ခဏာများအကြောင်း ထပ်မံဖတ်ရှုပါ။

ကင်ဆာရောဂါသည်ကလေးများတွင် တပ်ဆင်ထားသော ပင်မသွေးပြန်ကြောပိုက်

ပင်မသွေးပြန်ကြောပိုက် သို့မဟုတ် "ပင်မသွေးကြောပိုက်" ဆိုသည်မှာ နှလုံးဆီသို့ ဦးတည်နေသော သွေးပြန်ကြောမကြီး တစ်ခုထဲတွင်ထည့်ထားသော ပိုက်တစ်ခုဖြစ်သည်။ ကလေးကင်ဆာကုသနေစဉ် ပင်မသွေးပြန်ကြောပိုက်ကို ဆေးများ၊ အရည်များ၊ သွေးပစ္စည်းများနှင့် အာဟာရများ စသည်တို့ပေးရန်အတွက် အသုံးပြုပါသည်။

ပင်မသွေးပြန်ကြောပိုက်များသည် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနှင့် လူနေမှုဘဝအရည်အသွေးတို့အတွက် အရေးကြီးပါသည်။ ပင်မသွေးပြန်ကြောပိုက်တစ်ခုကို ကုသမှုခံယူနေချိန်အတွင်း (လမှ နှစ်ချီ၍) ထည့်ထားရလေ့ရှိသည်။ သို့ရာတွင် ထိုပင်မသွေးပြန်ကြောပိုက်အား တစ်ခါတစ်ရံရောဂါပိုးဝင်ရောက်သွားပါက အလွန်ပြင်းထန်ပြီး၊ အသက်ကိုပါခြိမ်းခြောက်နိုင်သည့် သွေးအတွင်းသို့ရောဂါပိုးဝင်ရောက်သွားခြင်းမျိုးကို ဖြစ်စေတတ်ပါသည်။ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ကင်ဆာရောဂါကုသခြင်းများကို နှောင့်နှေးစေတတ်ပြီး၊ ဆေးဘက်ဆိုင်ရာစမ်းသပ်ကုသမှုများကိုပါ ထပ်၍လုပ်ရတတ်သည်။ ရောဂါပိုးကူးစက်နေသည့် သွေးကြောပိုက်ကို ဖယ်ရှားပြီး၊ အခြားတစ်ခုဖြင့် အစားထိုးနိုင်ရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။ လူနာများနှင့် မိသားစုများသည် ထိုပင်မသွေးပြန်ကြောပိုက်ကို ဂရုစိုက်ထိန်းသိမ်းရန်အတွက် လမ်းညွှန်ချက်များကို လိုက်နာသင့်ပြီး၊ ရောဂါပိုးဝင်သည့် လက္ခဏာများရှိ/မရှိကိုလည်း သတိထားစောင့်ကြည့်သင့်သည်။

ပင်မသွေးပြန်ကြောပိုက် အမျိုးအစားများ

 

ပင်မသွေးပြန်ကြောပိုက်တွင် ရောဂါပိုးကူးစက်ခြင်းအား ကာကွယ်ခြင်း

လူနာများ၊ မိသားစုများနှင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးသူတို့သည် CLABSI ကာကွယ်ရာတွင် ကူညီပေးနိုင်ပါသည်။ လူနာတစ်ဦးအား ပင်မသွေးပြန်ကြောပိုက်တစ်ခုကိုတပ်ဆင်ပြီးနောက် အိမ်မပြန်မီတွင် စောင့်ရှောက်ကုသပေးသည့်အဖွဲ့ဝင်တစ်ဦးမှ ထိုပိုက်အား အိမ်တွင်ဂရုစိုက်ထိန်းသိမ်းရန် အချက်များကို သင်ပေးပါလိမ့်မည်။ လူနာများနှင့် မိသားစုများသည် ဆေးရုံနှင့် ဆေးခန်းများရှိဆေးဘက်ဆိုင်ရာဝန်ထမ်းများမှ ထိုသွေးကြောပိုက်အားဂရုစိုက်ထိန်းသိမ်းရာတွင် အခြေခံအချက်များကို လိုက်နာမှုရှိ/မရှိကိုလည်း သိရှိနိုင်ပါလိမ့်မည်။

ထိုပင်မသွေးပြန်ကြောပိုက်ကို ဂရုစိုက်ထိန်းသိမ်းရန် လုပ်ဆောင်ရမည့် အဓိကချက်များမှာ-

  1. ထိုပင်မသွေးပြန်ကြောပိုက်အား အသုံးပြုခြင်းကို တတ်နိုင်သမျှ လျှော့ချပါ။ ပင်မသွေးပြန်ကြောပိုက်အား အသုံးပြုလိုက်သည့်အကြိမ်တိုင်းတွင် ရောဂါပိုးများနှင့် ဘတ်တီးရီးယားများဝင်ရောက်သွားနိုင်သည့် အန္တရာယ်ရှိသည်။
  2. ပင်မသွေးပြန်ကြောပိုက်အား အသုံးပြုရာတွင် မှန်ကန်သော ရောဂါပိုးမွှားကင်းစင်သည့် နည်းလမ်းများ (လက်ဆေးခြင်းနှင့် အကယ်၍ ညွှန်ကြားထားပါက တစ်ခါသုံး လက်အိတ်များကိုဝတ်ခြင်း) ကိုသုံးပါ။ ညွှန်ကြားထားသည့်အတိုင်း သတ်မှတ်နေရာများကို အရက်ပြန် သို့မဟုတ် ကလိုဟက်စီဒင်းဖြင့် သန့်ရှင်းပါ၊ ပြီးနောက် လေဖြင့် အခြောက်ခံပါ။ "ပိုက်အဝတွင် တပ်ထားသည့်အဖုံးနေရာကို ဖြုတ်၍ အရက်ပြန်ဖြင့် ပွတ်တိုက်ဆေးကြော" (scrub the hub) ရာတွင် စောင့်ရှာက်ကုသပေးသည့်အဖွဲ့၏ လမ်းညွှန်ကြားချက်များအတိုင်း လိုက်နာပါ။
  3. ပတ်တီးစည်းခြင်း၊ အပ်၊ အပ်မပါသော ချိတ်ဆက်ပေးသည့်ပိုက်ငယ်နှင့် ပိုက် စသည်တို့ အသစ်လဲလှယ်ရာတွင် အကြံပြုထားသည့် အချိန်ဇယားအတိုင်း လိုက်နာပါ။

အိမ်တွင် ပင်မသွေးပြန်ကြောပိုက် ရောဂါပိုးဝင်ရောက်ခြင်းကိုကာကွယ်ခြင်း - မိသားစုများအတွက် အကြံပြုချက်များ

  • ပင်မသွေးပြန်ကြောပိုက် တပ်ဆင်ထားသည့်နေရာကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။
    • ပိုးသတ်ထားသည့်အဝတ်နှင့် သန့်ရှင်း၍ရနိုင်သော အိမ်၏ နေရာတစ်ခု၌သာ ပင်မသွေးပြန်ကြောပိုက်အား ဂရုစိုက်ထိန်းသိမ်းခြင်းကို ပြုလုပ်ပါ။ ထိုသို့ မပြုလုပ်မီ ထိုနေရာရှိ မျက်နှာပြင်များကို သေချာသုတ်ပါ။
    • ပင်မသွေးပြန်ကြောပိုက်အား ထိန်းသိမ်းစောင့်ရှောက်မှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးသည့်အချိန်တို့တွင် လက်ကိုသေချာဆေးပါ။
    • ဆေးရုံဝန်ထမ်းများမှ သေချာလေ့ကျင့်ပေးထားသော မိသားစုဝင်များ သို့မဟုတ် လူနာပြုစုပေးသူတို့ကသာ ထိုပင်မသွေးပြန်ကြောပိုက်ကို ထိန်းသိမ်းစောင့်ရှောက်စေရန် ခွင့်ပြုပေးထားသည်။
    • ပင်မသွေးပြန်ကြောပိုက် တပ်ဆင်ထားသည့်နေရာကို သန့်ရှင်းပြီး ခြောက်သွေ့သောပတ်တီးတို့ဖြင့် ဖုံးအုပ်ထားပါ။ လေ့ကျင့်သင်ကြားထားပါက ပတ်တီးများကိုလဲလှယ်ပေးလိုက်ပါ။ သို့မဟုတ် ထိုပိုက်မှာ စိုစွတ်နေခြင်း၊ ညစ်ပေနေခြင်းနှင့် လျော့တိလျော့ရဲဖြစ်နေခြင်း စသဖြင့်တွေ့ရှိရပါက သင်၏ဆရာဝန်ကို ချက်ချင်းဖုန်းခေါ်ဆိုပါ။
    • ရေချိုးနေစဉ် ပိုက်နှင့် ပတ်တီးတို့ကို ရေမစိုသွားစေရန် ရေစိုခံပတ်တီးလိပ်ကို အသုံးပြုပြီး ဖုံးအုပ်ပေးထားပါ။
    • ပိုက်အားကိုင်တွယ်ရာတွင် ရောဂါပိုးမွှားကင်းစင်သည့် နည်းလမ်းများကို သုံးပါ။ အကယ်၍ ညွှန်ကြားထားပါက တစ်ခါသုံးလက်အိတ်စွပ်ပါ။ လက်ဆေးပါ။ ပိုက်ဝနေရာတို့ကို သေချာသန့်စင်ပါ။ နောက်ပြီး ပိုးသတ်ထားသောပစ္စည်းများကိုသာ သုံးပါ။
    • ထိုပိုက်အား ထိခြင်းကို တက်နိုင်သမျှ ရှောင်ကျဉ်ပါ။
  • လူနာနှင့် လူနာပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
    • လူနာ နေစဉ်ပုံမှန် ရေချိုးစေရန် သေချာဂရုစိုက်ပါ။ ပတ်တီးများကို ခြောက်သွေ့နေစေရန် သတိထားပါ။ အကယ်၍ လူနာရေမချိုးနိုင်ပါက နေ့စဉ်ပုံမှန်သန့်ရှင်းရေးလုပ်သည့်အနေဖြင့် ရေပတ်တိုက်ပေးပါ။
    • လူနာကို နေ့တိုင်း အဝတ်လဲပေးပါ။
    • အိပ်ယာခင်းများကို ပုံမှန်လဲပေးပါ။ မျက်နှာသုတ်ပဝါများနှင့် ရေချိုးတဘတ်များကို နောက်တစ်ကြိမ် ပြန်သုံးခြင်း မပြုလုပ်ရ။
    • အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
    • အစားအသောက်များကို အန္တရာယ်မဖြစ်အောင် သိမ်းထားပါ။ စားသောက်စရာများကို ဆေးများနှင့် ဆေးပစ္စည်းများနှင့်ဝေးဝေးထားပါ။
  • ပင်မသွေးပြန်ကြောပိုက်ကို ကောင်းစွာဂရုစိုက်ပါ။
    • ပိုက်များကို ကျိုးခြင်း၊ အက်ခြင်း၊ စိမ့်ခြင်း၊ ပေါက်ပြဲခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ မဖြစ်စေရန် ပုံမှန်စစ်ဆေးပါ။
    • ပင်မသွေးပြန်ကြောပိုက်ကို သူနေရာမှာသူရှိနေစေရန် ဂရုပြုပါ။ ပိုက်အပေါ်တွင် မည်သည့်အရာမှ ပွတ်တိုက်မိခြင်း သို့မဟုတ် ပွတ်ဆွဲမိခြင်း မလုပ်မိစေရန် သေချာဂရုစိုက်ပါ။
    • ပိုက်များကို ကလေးသေးခံထဲသို့ မဝင်သွားစေရန် သေချာဂရုစိုက်ပါ။ ပင်မသွေးပြန်ကြောပိုက်ကို ကလေးသေးခံဧရိယာမှ ဝေးဝေးမှာအမြဲရှိနေစေပါစေ။
    • ပတ်တီးအသစ်လဲခြင်းနှင့် ပိုက်ကို ဂရုစိုက်ထိန်းသိမ်းခြင်းတို့အတွက် အကြံပြုထားသည့် အချိန်ဇယားအတိုင်းလိုက်နာပါ။
  • ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများကို စောင့်ကြည့်ထားပါ။
    • ဖျားနာခြင်း သို့မဟုတ် ချမ်းတုန်ခြင်း၊ သို့မဟုတ် ပိုက်တပ်ထားသည့်နေရာတွင် နီနေခြင်း၊ ရောင်ရမ်းနေခြင်း၊ သို့မဟုတ် နာနေခြင်းစသည့် ရောဂါပိုးဝင်သည့် မည့်သည့်လက္ခဏာကိုမဆို တွေ့ရပါက သင်၏ဆရာဝန်ကို ဖုန်းခေါ်ဆိုပါ။

ကင်ဆာရောဂါရှိသည့် ကလေးများတွင် ပင်မသွေးပြန်ကြောပိုက်မှ ရောဂါပိုးဝင်ရောက်ခြင်းအန္တရာယ်

ပြွန်ကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းသိမ်းခြင်းသည် CLABSI ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည့် လူနာနှင့် စောင့်ရှောက်သူများအတွက် အရေကြီးဆုံး နည်းလမ်းဖြစ်သည်။ သို့သော်လည်း လူနာအားရောဂါပိုးဝင်ရောက်နိုင်ခြေများသွားစေနိုင်သည့် အချက်များကိုသိထားရန်မှာလည်း အရေးကြီးသည်။ ကင်ဆာရောဂါကုသနေသည့် ကလေးများသည် ပင်မသွေးပြန်ကြောပိုက်မှရောဂါပိုးဝင်ခြင်းအပါအဝင် အခြားရောဂါပိုးများဝင်ရောက်နိုင်ခြေမှာ မြင့်မားနေပြီးဖြစ်သည်။ ကင်ဆာရောဂါကုသနေသည့် ကလေးများတွင် CLABSI ဖြစ်နိုင်ခြေများသွားစေနိုင်သည့် အခြားအချက်များမှာ-

အချို့သောလူနာများတွင် ပင်မသွေးကြောပိုက်နှင့် သက်ဆိုင်သောအချက်များသည် ရောဂါပိုးဝင်ရောက်နိုင်ခြေကို များသွားစေနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ပင်မသွေးပြန်ကြောပိုက် တပ်ဆင်ထားသည့်အချိန်ကာလ
  • ခန္ဓာကိုယ်ရှိ ပင်မသွေးပြန်ကြောပိုက် တပ်ဆင်ထားသည့်နေရာ (ပေါင်ခြံတွင် တပ်ဆင်ထားသောသွေးကြောပိုက်များသည် ရင်ဘတ် သို့မဟုတ် ခြေ၊ လက်များတွင်တပ်ထားခြင်းထက် ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုများသည်။)
  • ပင်မသွေးပြန်ကြောပိုက်အမျိုးအစား (အရေပြားအောက်တွင်မြှုပ်ထားသော ပင်မသွေးပြန်ကြောပိုက်သည် အန္တရာယ်ဖြစ်နိုင်ခြေ အနိမ့်ဆုံးဖြစ်သည်။)
  • ပိုက်အပေါက် အရေအတွက် (ပိုက်အပေါက်တခုထဲ ရှိပါက အန္တရာယ်ဖြစ်နိုင်ခြေ အနိမ့်ဆုံးဖြစ်သည်။)
  • ပိတ်ဆို့ခြင်း သို့မဟုတ် ပြင်ဆင်ရန်လိုအပ်ခြင်းစသည့် ပင်မသွေးပြန်ကြောပိုက်ပြဿနာများ

ပင်မသွေးပြန်ကြောပိုက် ရောဂါပိုးဝင်ရခြင်း အကြောင်းအရင်းများ - CLABSI စတင်ဖြစ်စေသည့် မူလဇစ်မြစ်နေရာများ

ကလေးကင်ဆာလူနာများတွင်တွေ့ရသော ပင်မသွေးပြန်ကြောပိုက်အတွင်းသို့ ရောဂါပိုးကူးစက်ခံရခြင်းမှာ များသောအားဖြင့် ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်သည်။ သိပ်အဖြစ်မများသော်လည်း တဆေး သို့မဟုတ် မှိုစသည်တို့ ကူးစက်ခံရခြင်းကြောင့်လည်း CLABSI ဖြစ်နိုင်သည်။

အရေပြားပေါ်ရှိ ရောဂါပိုးများ

ဘတ်တီးရီးယားပိုးများနှင့် မှိုများကဲ့သို့သော ရောဂါပိုးများကို အရေပြားပေါ်တွင် တွေ့ရလေ့ရှိသည်။ ပင်မသွေးပြန်ကြောတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းသည်လူနာ သို့မဟုတ် လူနာပြုစုပေးသူတို့၏ အရေပြားပေါ်၌ရှိသော ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ အရေပြားသည် ရောဂါပိုးများကို ခန္ဓာကိုယ်တွင်းသို့ မဝင်စေရန် ကာကွယ်ပေးသည့် အတားအဆီးတစ်ခု ဖြစ်သည်။ သို့ရာတွင် ပင်မသွေးပြန်ကြောပိုက်တပ်ဆင်ထားသော အရေပြားနေရာမှသော်လည်းကောင်း၊ သို့မဟုတ် ပိုက်အဖုံးနေရာမှ သွေးထဲသို့တိုက်ရိုက်ရောက်ရှိသွားခြင်းဖြင့်သော်လည်းကောင်း၊ ပင်မသွေးပြန်ကြောပိုက်သည် ရောဂါပိုးများအတွက် ဝင်ပေါက်နေရာကို ဖြစ်ပေါ်စေသည်။ ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာရောဂါကုထုံးများကြောင့် ကိုယ်ခံအားစနစ်အားနည်းနေသောအခါ လူကောင်းတစ်ဦးကဲ့သို့ ရောဂါပိုးများကို ခန္ဓာကိုယ်မှ မတိုက်ခိုက်နိုင်တော့ပါ။

ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ပေးထားသည့် အမြှေးပါးတွင် ဒဏ်ရာရခြင်း။

ပင်မသွေးပြန်ကြောပိုက်မှ ရောဂါပိုးဝင်ရောက်ခြင်းမှာ ပါးစပ် သို့မဟုတ် အူအတွင်းတွင် ပုံမှန်တွေ့ရလေ့ရှိသည့် ဘတ်တီးရီးယားပိုးများကြောင့်လည်း ဖြစ်တတ်သည်။ ကင်ဆာလူနာများတွင် ကီမိုဆေးသွေးကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်းတို့သည် ပါးစပ်၊ လည်ချောင်းနှင့် အစာအိမ်အူလမ်းကြောင်းတို့ကို ဖုံးအုပ်ပေးထားသည့် အမြှေးပါးတို့ကို ထိခိုက်ပျက်ဆီးစေသည်။ ဤသို့ဖြစ်ခြင်းကို ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ပေးထားသည့် အမြှေးပါးတွင် ဒဏ်ရာရခြင်း (MBI) ဟုခေါ်ဆိုသည်။ ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ပေးထားသည့် အမြှေးပါးသည် ပါးစပ်နှင့် အစာခြေစနစ်အတွင်းရှိ ဘတ်တီးရီးယားပိုးများ ခန္ဓာကိုယ်ထဲသို့မဝင်သွားစေရန် ကာကွယ်ပေးသည့်အလွှာ ဖြစ်သည်။ ထိုအလွှာပျက်စီးသွားသောအခါ ဘတ်တီးရီးယားပိုးများသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားနိုင်သည်။ အချို့လူနာများတွင် ထိုသို့ဖြစ်ပါက ပင်မသွေးပြန်ကြောပိုက်တွင် ရောဂါပိုးကူးစက်မှုကိုပါ ဖြစ်စေနိုင်သည်။ ကင်ဆာလူနာများတွင် MBI CLABSI သည် ပို၍အဖြစ်များပြီး၊ သွေးအတွင်းရောဂါပိုးဝင်ရောက်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။

ပါးစပ်ထဲတွင်ရှိသော ဘတ်တီးရီးယားပိုးများကို တိုက်ဖျက်ရန်နှင့် ရောဂါပိုးကူးစက်နိုင်သည့်အန္တရာယ်ကို လျှော့ချပေးရန် ခံတွင်းအားဂရုစိုက်ပေးရန် အရေးကြီးသည်။ ခံတွင်းအားကောင်းစွာဂရုစိုက်ရန် လုပ်ဆောင်ရမည့်အချက်များမှာ

  • တစ်နေ့ကို အနည်းဆုံးသွားနှစ်ကြိမ် တိုက်ပါ။ ပျော့ပြောင်းသောသွားတိုက်တံနှင့် ဖလူအိုရိုက်ဒ်ပါသော သွားတိုက်ဆေးတို့ကို သုံးပါ။ ပါးစပ်အနာရှိသည့် ကလေးငယ်များ သို့မဟုတ် လူနာများအတွက် စိုစွတ်သည့်အဝတ်စ သို့မဟုတ် ပါးစပ်တွင်သုံးသောဖော့တုံးတစ်ခုကို အသုံးပြုပါ။
  • အထူးသဖြင့် ကိုယ်ခံအားနည်းနေသည့်အချိန်များနှင့် နျူထရိဖီးလ်နည်းနေသည့်အခါ သို့မဟုတ် ဖျားနာနေသည့်အခါတို့တွင် သွားတိုက်တံကို ပုံမှန်လဲပေးပါ။
  • ညွှန်ကြားသည့်အတိုင်း ပါးစပ်ဆေးရည်သုံးပါ။
  • နှုတ်ခမ်းများခြောက်သွေ့ခြင်းနှင့် အက်ကွဲခြင်းတို့ကို ကာကွယ်ရန် နှုတ်ခမ်းဆီ သို့မဟုတ် အစိုဓာတ်ထိန်းသိမ်းရန် သိုးမှထုတ်လုပ်သောအဆီ (lanolin moisturizer) တို့ကို လိမ်းပါ။
  • ရေဓာတ်ရှိနေရန်နှင့် ပါးစပ်ခြောက်သွေ့နေခြင်းကို ကာကွယ်ရန် အရည်များများသောက်ပါ။

ပင်မသွေးပြန်ကြောပိုက်အတွင်းသို့ ရောဂါပိုးဝင်ခြင်းအားရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်း

ပင်မသွေးပြန်ကြောပိုက်အတွင်းသို့ ရောဂါပိုးဝင်ခြင်းအား ကုသရာတွင် ရောဂါပိုး၏ ပြင်းထန်မှုအတိုင်းအဆနှင့် ရောဂါပိုးဝင်‌ရောက်ခဲ့သည့်နေရာတို့အပေါ် မူတည်ပါသည်။

  • သွေးနမူနာတွင် ဘက်တီးရီယား မွေးမြူကြည့်ခြင်း။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့သည် ရောဂါပိုးကူးစက်မှု၏ အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ရန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ ထိုအခါတွင် ပင်မသွေးပြန်ကြောပိုက်နေရာမှ သွေးနမူနာများယူခြင်းနှင့် သွေးပြန်ကြောတစ်ခုမှအပ်ဖြင့် သွေးနမူနာအနည်းဆုံးတစ်ခုယူခြင်းတို့ ပါဝင်ပါသည်။ ရောဂါပိုးဝင်ရောက်ခြင်း၏ မူလဇစ်မြစ်နေရာမှာ ပင်မသွေးပြန်ကြောပိုက်လား ဒါမှမဟုတ် အခြားတစ်နေရာလားခွဲခြားနိုင်စေရန် ခန္ဓာကိုယ်၏အခြားနေရာမှ နမူနာများ ဥပမာ။ ။ ဆီးနမူနာကိုလဲ စမ်းသပ်ရန် ရယူပါသည်။ ဘတ်တီးရီးယားပိုး သို့မဟုတ် မှိုများရှိ/မရှိကို သိရှိနိုင်ရန် ထိုရယူခဲ့သော သွေး/ဆီးနမူနာများတွင် ပိုးမွေးမြူကြည့်ခြင်းကို လုပ်ဆောင်ကြပါသည်။
  • ဆေးဝါးများ။ ရောဂါပိုးကူးစက်မှု၏ အကြောင်းအရင်းကိုသိသည်နှင့်တစ်ပြိုင်နက် ပဋိဇီဝဆေး သို့မဟုတ် မှိုသတ်ဆေးများကို များသောအားဖြင့် ပေးလေ့ရှိသည်။
  • ပင်မသွေးပြန်ကြောပိုက်ကို ဖယ်ရှားခြင်း။ CLABSI ကိုကုသရန် ပင်မသွေးပြန်ကြောပိုက်ကို ဖယ်ရှာပစ်ရန် လိုအပ်နိုင်ပါသည်။ အချို့အခြေအနေများတွင် ပင်မသွေးပြန်ကြောပိုက်ကို ဖယ်ပြီး ပိုက်အသစ်ပြန်တပ်ခြင်း၊ တစ်ခါတစ်ရံတွင် နေရာအသစ်တွင် ပြန်လည်တပ်ဆင်ခြင်းတို့ကို ပြုလုပ်သည်။ သို့မဟုတ် ပင်မသွေးပြန်ကြောပိုက်ကို ရောဂါပိုးကူးစက်မှု လုံးလုံးပျောက်ကင်းသွားသည့်အချိန်အထိ ဖယ်ရှားထားနိုင်သည်။ အကယ်၍ ပင်မသွေးပြန်ကြောပိုက်မှာ တပ်ဆင်ထားသည့်နေရာတွင် ရှိနေသေးပါက ရောဂါပိုးကိုကုသရန် ထိုပိုက်မှတစ်ဆင့် ပဋိဇိဝဆေးများပေးရန် အရေးကြီးပါသည်။

လူနာများအား ကုသနေစဉ်နှင့် ကုသမှုပြီးစီးပြီးနောက်တွင် အနီးကပ်စောင့်ကြည့်နေမည် ဖြစ်သည်။ ရောဂါပိုးဝင်သည့် လက္ခဏာမရှိသည့်တိုင် ဆေးများကို ညွှန်ကြားသည့်အတိုင်း ဆက်သောက်ရန် လူနာများအတွက် အရေးကြီးပါသည်။

CLABSI အကြောင်း ပိုမိုသိရှိနိုင်ရန် ရင်းမြစ်များ

---
၂၀၁၈ နိုဝင်ဘာတွင် ပြန်လည်စစ်ဆေးပြုပြင်သည်။