ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ ဆိုသည်မှာ အဘယ်နည်း။

အရွယ်ရောက်ပြီး လူကြီးများနှင့် ယှဉ်လျှင် သိုင်းရွိုက်အလုံးများသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်မများပါ။ သို့ရာတွင် ကလေးသိုင်းရွိုက်အလုံးများသည် အန္တရာယ်ပေးနိုင်ရန် ပို၍အလားအလာများပါသည်။ အချို့အခြေအနေများတွင် ကလေးသိုင်းရွိုက်ကင်ဆာသည် ရောဂါစစ်ဆေးသည့်အချိန်တွင် အနီးအနားရှိ ပြန်ရည်ကျိတ်များ  နှင့် ပိုဝေးသော နေရာများ (အဆုတ်) သို့ ပျံ့နှံ့နိုင်ပါသည်။ ၎င်းသည်လည်း ရောဂါကို ပြန်လည်ဖြစ်စေသည့် အလားအလာ ပို၍များစေပါသည်။ လူကြီးများနှင့်ယှဉ်လျှင် ကလေးများတွင် ပျံ့နှံ့မှုအလားအလာ ပိုများနိုင်သော်လည်း ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ သည်  ပြန်လည်ကောင်းမွန် အသက်ရှင်နိုင်နှုန်းရလာဒ်  ၉၅ ရာခိုင်နှုန်းထက်များသော ရလာဒ်ကာင်းများရှိပါသည်။

ကလေးများတွင် ဖြစ်သည့် သိုင်းရွိုက်ကင်ဆာ အများစုသည် သိုင်းရွိုက်ဂလင်းထဲရှိ ဖော်လီကျူလာဆဲလ်များမှ ဖြစ်လာသော ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ (DTC) ဖြစ်သည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ နှစ်မျိုးရှိပါသည်- ပါပီလရီနှင့် ဖော်လီကျူလာတို့ ဖြစ်ကြသည်။ ကလေးသိုင်းရွိုက်ကင်ဆာ ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပါပီလရီသိုင်းရွိုက်ကင်ဆာ ဖြစ်သည်။

ပါပီလရီကင်ဆာသည် အဖုလုံး တစ်ခုထက် ပို၍ဖြစ်ပွားစေတတ်ပြီး သိုင်းရွိုက်အလုံးနှစ်ခုလုံးတွင် ဖြစ်တတ်သည်။ (နှစ်ဖက်လုံးတွင် ဖြစ်တတ်သည်) အများစုသော အခြေအနေများတွင် ရောဂါစစ်ဆေးသောအခါ ၎င်းသည် သိုင်းရွိုက်မှ အပြင်ဘက်ဖြစ်သော အနီးအနားရှိ ပြန်ရည်ကျိတ်များ (လည်ပင်းနှင့် ဆိုင်သော နေရာ) သို့ ပြန့်နှံ့တတ်သည်။ ဖော်လီကျူလာသိုင်းရွိုက်ကင်ဆာသည် ပုံမှန်အားဖြင့် လည်ပင်းတွင် တည်ရှိတတ် သော်လည်း အဆုတ်နှင့် အရိုးများသို့ ပျံ့နှံ့ရန် အလားအလာပို၍ ရှိပါသည်။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာသည် အိုင်အိုဒင်းကို လက်ခံရယူကြသည်။ ဆိုလိုသည်မှာ ၎င်းကင်ဆာတို့သည် အိုင်အိုဒင်းကို စားသုံးကြပါသည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ရေဒီယိုသတ္တိကြွသော အိုင်အိုဒင်းအသုံးပြုသော စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပြုလုပ်ရာတွင် အရေးပါသည်။

မြင်တွေ့နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းအင်္ဂါများပါရှိသော အရွယ်ရောက်အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပုံစံနှင့် သိုင်းရွိုက်ဂလင်းများကို အရောင်ခြယ်၍ နာမည်တပ်ထားပါသည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်း၏ အရှေ့ ၊ လည်မျို၏ အောက်ခြေတွင် တည်ရှိသော လိပ်ပြာပုံစံ အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အဖုလုံး နှစ်လုံးပုံစံနှင့် တည်ရှိပါသည်။ တစ်ခုမှာ ဘယ်ဘက်တွင် ရှိပြီး အခြားတစ်ခုမှာ ညာဘက်တွင် ရှိသည်။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များနှင့် ရောဂါ ဖြစ်စေသောအကြောင်းအရင်းများ

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာသည် ပို၍ အသက်ကြီးသော ကလေးများနှင့် ဆယ်ကျော်သက်များတွင် အများဆုံး အဖြစ်များတတ်ပါသည်။ ဆယ်ကျော်သက်မြီးကောင်ပေါက်များသည်  ပို၍ ငယ်သော ကလေးများနှင့် နှိုင်းယှဉ်လျှင် သိုင်းရွိုက်ကင်ဆာ ဖြစ်ရန် ၁၀ဆ ပို၍ အလားအလာရှိပါသည်။ ဤ ကင်ဆာသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များပါသည်။ မျိုးရိုးဗီဇနှင့် ဆိုင်သော အချို့အချက်များသည် သိုင်းရွိုက်ကင်ဆာကို ဖြစ်ပွားစေရန် အလားအလာများစေပြီး အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါသည့်အပြင်  မိသားစုအတွင်း အခြားကင်ဆာများသည်လဲ လက်ဆင့်ကမ်း ဆင်းသက်လာနိုင်ပါသည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာဖြစ်သော ကလေးများတွင် မကြာခဏ ပြန်လည်စီစဉ်မှုပြုလုပ်သည့်  RET မျိုးရိုးဗီဇ ရှိနေတတ်သည်။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာနှင့် ပတ်သတ်သည့် မျိုးရိုးဗီဇနှင့်ဆိုင်သော ရောဂါလက္ခဏာစုများ

မျိုးရိုးဗီဇနှင့်ဆိုင်သော ရောဂါလက္ခဏာစုများ
မျိုးရိုးဗီဇ
မျိုးရိုးလိုက်သော ဂလင်းအကျိတ် အသားသီးများပွားခြင်း (FAP)
APC
PTEN ဟာမားတိုမာ အကျိတ် ရောဂါလက္ခဏာစု
PTEN
DICER1 ရောဂါလက္ခဏာစု
DICER1
အရေပြားတွင် အစက်အပျောက်အရောင်များဖြစ်ပေါ်တတ်သော မျိုးရိုးလိုက်သည့် အခြေအနေ
PRKAR1A

အိုင်းယွန်းပါသော ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဆေးဘက်ဆိုင်ရာ ကုသမှုအဖြစ် ဓာတ်ရောင်ခြည်ဖြင့်ကုသသော လူနာများသည် သိုင်းရွိုက်ကင်ဆာဖြစ်ရန် အလားအလာများပါသည်။ အနုမြုဓာတ်ရောင်ခြည်ဘေးအန္တရာယ်များ မှ ထွက်လာသော ရေဒီယိုသတ္တိကြွမှုကဲ့သို့သောဓာတ်ရောင်ခြည်နှင့်  ပတ်ဝန်းကျင် တွင် ထိတွေ့မိခြင်းသည်လည်း ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေသည်။ ဓာတ်ရောင်ခြည် အဆမြင့်မားစွာ အသုံးပြုကုသခြင်းနှင့် ထိုသို့ထိတွေ့စဉ် အသက်ငယ်ရွယ်မှုသည် ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေခြင်းနှင့် ဆက်နွယ်နေပါသည်။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ၏ ရောဂါလက္ခဏာများ

သိုင်းရွိုက်ကင်ဆာ၏ အဓိကလက္ခဏာသည် သိုင်းရွိုက်ဂလင်းအတွင်းရှိ အဖု သို့မဟုတ် အလုံးဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရှိ ပြန်ရည်ကျိတ်များသည် ရောင်ရမ်းနေသည့်ပုံဖြင့် ပေါ်လာတတ်သည်။ ရှားပါးသော ဖြစ်စဉ်များတွင် ရောဂါလက္ခဏာများသည် အသက်ရှူခြင်းနှင့် ဆိုင်သည့် ပြဿနာများ၊ မျိုချရန် ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း နှင့် အသံဝင်ခြင်းများလည်း ပါဝင်နိုင်ပါသည်။

သို့ရာတွင် တစ်ခါတစ်ရံ သိုင်းရွိုက်ကင်ဆာသည် လက္ခဏာများ မပြဘဲ ကျန်းမာရေးစစ်ဆေးမှသာ ပေါ်လာတတ်သည်။

ထူးခြား၍ ခွဲခြားနိုင်သောသိုင်းရွိုက်ကင်ဆာအား ရောဂါရှာဖွေဖော်ထုတ်မှု

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။ မိသားစုမှတ်တမ်းသည် မျိုးရိုးဆက်ခံသော ရောဂါအန္တရာယ်ရှိမရှိကို ဖော်ထုတ်ရာတွင် အရေးကြီးပါသည်။ သိုင်းရွိုက်ကင်ဆာ၏ အချို့သောပုံစံများတွင် မျိုးရိုးဗီဇစမ်းသပ်ခြင်းနှင့် မျိုးရိုးဗီဇနှင့်ဆိုင်သော ဆွေးနွေးအတိုင်ပင်ခံခြင်းကို ကလေးနှင့် မိသားစုအတွက် ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။ ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အချို့သော မျိုးရိုးဗီဇပြောင်းလဲမှုများ (ဗီဇပြောင်းလဲမှုများ) ကို ဆရာဝန်များမှ  စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။
  • ဓာတ်ခွဲခန်းတွင် ပြုလုပ်သည့် စမ်းသပ်လေ့လာမှုများသည် သိုင်းရွက်နှင့် အကျိတ် အကြောင်း အချက်အလက်ကိုပေးသော သွေးတွင်းရှိ ပစ္စည်းများကို ကြည့်ရှုပါလိမ့်မည်။ ဤ စမ်းသပ်ချက်များတွင် အောက်ပါတို့၏ တိုင်းတာမှုများ ပါဝင်သည်-
    • သိုင်းရွိုက်ကို လှုံ့ဆော်သော ဟော်မုန်း (TSH), T3, နှင့်T4 အလွတ်(thyroxine) တို့ ပါဝင်သော သိုင်းရွိုက် လုပ်ကိုင်ပုံကို ဖော်ပြသည့် ဟော်မုန်းများ။ သိုင်းရွိုက်လုပ်ကိုင်ပုံများကို တိုင်းတာသည့် သွေးစစ်ချက်များသည် များသောအားဖြင့် ပုံမှန်သာ ဖြစ်သည်။
    • သိုင်ရိုဂလိုဗျူလင် (Tg) ပါသော အကျိတ်ညွှန်မှတ်များ သိုင်ရိုဂလိုဗျူလင်သည် သိုင်းရွိုက်ဂလင်းတွင်ပါဝင်သော ပရိုတင်းဖြစ်သည်။ သိုင်းရွိုက်ဂလင်းကို ဖယ်ရှားရန် (သိုင်းရွိုက် ခွဲစိတ်ဖြတ်တောက်ခြင်း) ပြီးနောက် ပုံမှန်မဟုတ်သည့် Tg အဆင့်ပမာဏများ မြင့်မားခြင်းသည် ထူးခြား၍ ခွဲခြားနိုင်သည့် သိုင်းရွိုက်ကင်ဆာ (ပါပီလရီနှင့် ဖော်လီကျူလာ) ရှိခြင်း သို့မဟုတ် ပြန်ဖြစ်ခြင်းကို သိရှိရန် ကူညီပေးပါသည်။
  • အကျိတ်ကို ကွဲပြားစွာသိရှိရန် အထောက်အကူဖြစ်စေသည့် ပုံရိပ်ဖော်စမ်းသပ်ချက်များ၊ အကျိတ် မည်မျှကြီးနေလဲ ကြည့်ပါ။ ထို့နောက် အခြားနေရာများသို့ ပြန့်နှံ့သလား ဖော်ထုတ်ပါ။
    • အာထရာဆောင်း သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများ၏ ပုံရိပ်ကို ဖမ်းရန် အသံလှိုင်းများကို အသုံးပြုပါသည်။ လည်ပင်းကို ရိုက်သော အာထရာဆောင်းသည် သိုင်းရွိုက်ဂလင်းတွင် အကျိတ်ရှိမရှိ စစ်ဆေးရန် ဆရာဝန်များ အသုံးပြုသော အဓိက စစ်ဆေးချက် ဖြစ်ပါသည်။ လည်ပင်းနှစ်ဖက်လုံးအား ပုံရိပ်ဖမ်းခြင်းသည် ပုံမှန်မဟုတ်သည့် ပြန်ရည်ကျိတ်များ ၏ ကြီးထွားလာမှုကို စစ်ဆေးရန် အသုံးပြုပါသည်။ အတွေ့အကြုံရှိ အာထရာဆောင်း ပညာရှင် ဆောင်ရွက်သော အရည်အသွေး ကောင်းသည့် အာထရာဆောင်းသည် သိုင်းရွိုက်အကျိတ်များနှင့် ပြန်ရည်ကျိတ်များကို အကဲဖြတ်ရာတွင် အရေးပါသည်။ ဤအချက်အလက်ကို နောက်ထပ် ရောဂါ စစ်ဆေးခြင်းနှင့် ကုသခြင်းများအတွက် အသုံးပြုပါမည်။
    • ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT scan) သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါနှင့် တစ်ရှူးများ၏ ဖြတ်ပိုင်းပုံရိပ်များကို ဖန်တီးရန် ဓာတ်မှန်များကို အသုံးပြုပါသည်။ ထိုစက်သည် အလွန်အသေးစိတ်သည့် ပုံကို ရရှိရန် ပုံရိပ်များစွာကို ရိုက်ယူပါသည်။ ထိုပုံရိပ်များကို ခန္ဓာကိုယ်၏ အပိုင်းများအတွက် အတွဲလိုက်အဖြစ် ရိုက်ယူပြီး ကွန်ပျူတာတွင် သိမ်းထားပါသည်။ ဤအပိုင်းများ သို့မဟုတ် ဖြတ်ပိုင်းပုံများတွင် အလွန်သေးငယ်သည့် အကျိတ်များအား မြင်ရပါသည်။ ပိုပြင်းထန်သော အခြေအနေများတွင် ဆရာဝန်များအား အကျိတ် ကို ပိုပြီးကောင်းစွာ မြင်ရစေရန်နှင့် ကုသမှုကို စီစဉ်ရာတွင် အထောက်အကူဖြစ်စေရန် CT စကင်ဖတ်ခြင်းကို အသုံးပြုနိုင်သည်။ အဆုတ်များသို့ ကင်ဆာပျံ့မှုကို ရှာဖွေရန် ကနဦး ရင်ဘက်ကို ဓာတ်မှန်ရိုက်ခြင်းသို့မဟုတ် အခြား ထူးခြားသည့် အခြေအနေများတွင် ရင်ဘက်ကို CT စကင်ဖတ်ခြင်းကို အသုံးပြုပါသည်။ လည်ပင်းနှင့် သိုင်းရွိုက် အာထရာဆောင်းသည် ခွဲစိတ်မှု မပြုလုပ်မီ အများအပြား အသုံးပြုသော အဓိက ပုံရိပ်ဖမ်းယူစစ်ဆေးမှု ဖြစ်ပါသည်။
  • ဆဲလ်များအတွင်းရှိ ကင်ဆာလက္ခဏာများကို စစ်ဆေးရန် အကျိတ်မှ တစ်ရှူးအချို့၏ အသားစထုတ်ယူစစ်ဆေးခြင်း နှင့် တစ်ရှူးများ၏ သေးငယ်သည့် တည်ဆောက်ပုံကို ပိုမိုလေ့လာပါ။ ရောဂါဗေဒပညာရှင်သည် ကင်ဆာဆဲလ်များ ရှိမရှိကို မိုက်ခရိုစကုပ်အသုံးပြုပြီး တစ်ရှူးနမူနာများကို ကြည့်ရှုသည်။ မိုက်ခရိုစကုပ်အောက်တွင် ဆဲလ်များ မည်သည့် ပုံစံရှိနေသည်ကို ကြည့်ခြင်း သည် ရောဂါရှာဖွေမှု ပြုလုပ်ရန် အရေးကြီးပါသည်။ သေးငယ်သည့်အပ်အသုံးပြု၍ တစ်ရှူးနမူနာကို စုပ်ယူခြင်း ကို အာထရာဆောင်း လမ်းညွှန် မှု ဖြင့်  ရရှိနိုင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ဆရာဝန်များသည်အရေပြားကို ဖောက်၍ ထိုးထားသော သေးငယ်သည့်အပ်အသုံးပြု၍ သိုင်းရွိုက်တစ်ရှူး၏ နမူနာ နှင့်/သို့မဟုတ် လည်ပင်းမှ ကြီးထွားလာသော ပြန်ရည်ကျိတ်ဂလင်း(များ)ကို ရယူကြပါသည်။ အချို့အခြေအနေများတွင် အကျိတ်လုံးအား ခွဲစိတ်ဖယ်ရှား ပြုလုပ်ခြင်းပါဝင်သည့် အလွတ်အသားစ ထုတ်ယူစစ်ဆေးခြင်းကို ရောဂါရှာဖွေဖော်ထုတ်မှုအတွက် လိုအပ်ပါသည်။

ထူးခြား၍ ကွဲပြားသော သိုင်းရွိုက်ကင်ဆာအား အဆင့်သတ်မှတ်ခြင်း

ရောဂါ၏ အဆင့် သို့မဟုတ် အတိုင်းအတာသည် ကင်ဆာပျံ့နှံ့သည့်အခြေအနေပေါ်တွင် မူတည်ပါသည်။ သိုင်းရွိုက်ကင်ဆာ၏ အဆင့်သည် သိုင်းရွိုက်အလုံး ၏ ဝိသေသလက္ခဏာများနှင့် ပြန်ရည်ကျိတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများ (အဆုတ်များ) သို့ ရောဂါပျံ့နှံ့မှုအတိုင်းအတာအပေါ်တွင် အခြေခံပါသည်။

လည်ပင်း၏ အပြင်ဘက်သို့ ရောဂါပျံ့နှံ့မှု မရှိသည့် လူနာများကို အဆင့် (၁)ဟု သတ်မှတ်ကြပါသည်။
လည်ပင်းမှ ဝေးကွာသော နေရာသို့ ရောဂါပျံ့နှံ့မှု ရှိသည့် လူနာများကို အဆင့် (၂)ဟု သတ်မှတ်ကြပါသည်။

ခွဲစိတ်မှုပြီးဆုံးပြီးနောက် အဆင့်သတ်မှတ်ခြင်းကို အန္တရာယ်များသော အုပ်စုများရှိ လူနာများအား အဆင့်ခွဲခြားသတ်မှတ်ရန် အသုံးပြုပါသည်။ ကလေးသိုင်းရွိုက် ကင်ဆာလူနာများအတွက် အသက်ဆုံးရှုံးနိုင်ခြေ အန္တရာယ်သည် အလွန်နည်းပါးသည်။ သို့ရာတွင် အချို့လူနာများသည် ခွဲစိတ်မှုပြီးနောက် ရောဂါ ဆက်လက်ရှိနေခြင်း သို့မဟုတ် ရောဂါပျံ့နှံ့မှု (မူလ နေရာမှ ကင်ဆာရောဂါပြန့်ပွားသွားခြင်း) ဖြစ်နိုင်ခြေကို ပို၍မြင့်မားခြင်းကို ကြုံတွေ့ရနိုင်သည်။

ရောဂါဖြစ်နိုင်ခြေ ရောဂါပျံ့နှံ့မှု
ရောဂါဖြစ်နိုင်ခြေ နည်းပါးမှု ကင်ဆာသည် သိုင်းရွိုက်ဂလင်းအတွင်း၌သာရှိပြီး ပြန်ရည်ကျိတ်များထံသို့ မဆိုစလောက်သာ ပျံ့နှံ့သည် သို့မဟုတ် လုံးဝပျံ့နှံ့မှုမရှိ။
ရောဂါဖြစ်နိုင်ခြေ အလယ်အလတ်ရှိခြင်း အနီးနားရှိ ပြန်ရည်ကျိတ်များထံသို့ ကင်ဆာပျံ့နှံ့မှုအချို့ရှိသည်
ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း သိုင်းရွိုက်အပြင်ရှိ တစ်ရှူးများ သို့မဟုတ် ဝေးကွာသည့် နေရာများ (အဆုတ်များသို့) သို့ ကျူးကျော်ပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာသိသာစွာပျံ့နှံ့မှုရှိ။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာအတွက် ရောဂါအခြေအနေတိုးတက်မှု

သိုင်းရွိုက်ကင်ဆာသည် ကလေးလူနာများတွင် အသက်ရှင်နိုင်နှုန်း ၉၅ ရာခိုင်နှုန်းထက် ပို၍များသည်။ ရောဂါရှာဖွေဖော်ထုတ်မှုတွင် တွေ့ရှိရသည်မှာ အသက်ဆယ်နှစ်အောက် ကလေးများ သို့မဟုတ် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည့် ပြန်ရည်ကျိတ်များရှိသည့် လူနာများသည် ရောဂါပြန်လည်ဖြစ်ပွားရန် ပို၍ အလားအလာများသည်။ သို့ရာတွင် ရောဂါပြန်လည်ဖြစ်ပွားနိုင်သည့် အလားအလာများသော်လည်း အသက်ရှင်နိုင်သည့် အခွင့်အလမ်းသည် အလွန်ကောင်းပါသည်။

ရောဂါအခြေအနေတိုးတက်မှုကို လွှမ်းမိုးသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ပဏာမ ခွဲစိတ်မှု ခံယူမှု အတိုင်းအတာ
  • ရောဂါသည် အဆုတ်နှင့် အရိုးများကဲ့သို့သော အခြားနေရာများသို့ ပျံ့နှံ့မှု ရှိမရှိ
  • မျိုးရိုးဗီဇ ဗီဇပြောင်းလဲမှု သို့မဟုတ် အခြားကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် မျိုးရိုးလိုက်သော အချက်အလက်များ

ထူးခြား၍ ကွဲပြားသော သိုင်းရွိုက်ကင်ဆာအား ကုသခြင်း

ကလေးသိုင်းရွိုက်ကင်ဆာရောဂါရှိသော လူနာများကို အကဲဖြတ်ခြင်း၊ ကုသခြင်းနှင့် ရေရှည်စောင့်ကြည့်လေ့လာခြင်းများကို ဆောင်ရွက်ရန် နယ်ပယ်ပေါင်းစုံပါဝင်သော ကလေးငယ်နှင့်ဆိုင်သောစောင့်ရှောက်မှုအဖွဲ့မှ စောင့်ရှောက်မှုသည် အရေးပါသည်။ ဆက်လက်ဖြစ်ပေါ်လာမည့် ရောဂါအလားအလာနှင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပေါ်ပေါက်သော အန္တရာယ်ကို ချိန်ညှိပေးနိုင်ရန် အဓိကထား ဦးစားပေးပြီး စောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်ပါသည်။ ရောဂါပြန်လည်ဖြစ်မှုနှင့် ထည့်သွင်းစဉ်းစားရမည့် အခြားအခြေအနေများကြောင့် ( ဥပမာ ဟော်မုန်းများ၏ လုပ်ဆောင်ချက်၊ မျိုးရိုးဗီဇ၏ ပင်ကိုသဘာဝ) ရေရှည် နောက်ဆက်တွဲ ဂရုစိုက်စောင့်ရှောက်မှုများကို လူနာအားလုံးအတွက် လိုအပ်ပါသည်။

  1. သိုင်းရွက်ဂလင်းကို ဖယ်ရှားရန်ခွဲစိတ်ကုထုံး (သိုင်းရွိုက်ကို လုံးဝ ခွဲစိတ်ဖြတ်တောက်ပစ်ခြင်း) သည် သိုင်းရွိုက်ကင်ဆာအတွက် အဓိကကုသမှု ဖြစ်ပါသည်။ အကျိတ်သေးငယ်လျှင်  သိုင်းရွိုက် တစိတ်တပိုင်း ခွဲစိတ်ဖြတ်တောက်ခြင်းကို ရွေးချယ်နိုင်သည်။ ဤသို့ခွဲစိတ်ရာတွင် အလုံးတစ်ခုနှင့် သိုင်းရွိုက်ဂလင်း၏ အိုက်စ်သမက်စ် (ကျွန်းဆက်) ကို ဖယ်ရှားခြင်း ပါဝင်လေ့ရှိသည်။

    သိုင်းရွိုက်အား လုံးဝခွဲစိတ်ဖြတ်တောက်မှုပြုလုပ်ရန် မကြာခဏ အကြံပြုထားသည်။ သိုင်းရွိုက်ကို လုံးဝ ဖယ်ရှားပစ်ခြင်းသည် ဆက်ပြီး ဆက်လက်ဖြစ်ပေါ်လာမည့် ရောဂါအလားအလာများကို လျှော့ချပေးပြီး ရေဒီယို ဓာတ်သတ္တိကြွသော အိုင်အိုဒင်းအသုံးပြု၍ ပုံရိပ်ဖမ်းခြင်းနှင့် ကုသမှုပါသည့် နောက်ဆက်တွဲစောင့်ရှောက်မှုကို ကူညီပေးပါသည်။

    ခွဲစိတ်ကုထုံးကို စီစဉ်ရာတွင် အထောက်အကူဖြစ်စေရန် လည်ပင်းနှင့် သိုင်းရွိုက်အား အာထရာဆောင်းရိုက်ခြင်းနှင့် သံသယရှိသော ပြန်ရည်ကျိတ်ကို သေးငယ်သည့်အပ်အသုံးပြု၍ စုပ်ယူခြင်းကို အသုံးပြုသည်။ သိုင်းရွိုက်အလုံးကို ဖယ်ရှားခြင်းအပြင် ခွဲစိတ်ဆရာဝန်သည် ပြန်ရည်ကျိတ်များနှင့် လည်ပင်း၏ အလယ် သို့မဟုတ် ဘေးဘက်ရှိ အခြားတစ်ရှူးများကို ဖယ်ရှားနိုင်ပါသည်။ ဤလုပ်ငန်းစဉ်ကို လည်ပင်းအစိတ်အပိုင်းအား ဖြတ်တောက်ခြင်းဟု ခေါ်ပါသည်။ ပို၍ကျယ်ပြန့်စွာ လုပ်ဆောင်သော ခွဲစိတ်ကုသမှုသည် ရောဂါဖြစ်နိုင်ခြေမြင့်မားသည့်လူနာများတွင် ပြန်လည်ဖြစ်ပွားခြင်းကို လျှော့ချပေးပါသည်။

    လည်ပင်းတွင်ရှိသော ပြန်ရည်ကျိတ်များကို ဖယ်ရှားသည့် ခွဲစိတ်မှုကို လည်ပင်းအစိတ်အပိုင်းအား ဖြတ်တောက်ခြင်းဟု ခေါ်ပါသည်။ မူရင်းသိုင်းရွိုက်အကျိတ်သည် ၄ စင်တီမီတာထက် ကြီးသော အခါ သို့မဟုတ် အကျိတ်သည် သိုင်းရွိုက်ဂလင်း (သိုင်းရိုက်ကပ်ဆူးလ်) ကို ဖုံးအုပ်သည့် တစ်ရှူးအား လွန်၍ ပျံ့နှံ့သွားသောအခါ လည်ပင်း အတွင်းပိုင်းအစိတ်အပိုင်းဖြတ်တောက်ခြင်းကို ပြုလုပ်လေ့ရှိပါသည်။

    သိုင်းရွိုက်ကင်ဆာသည် လည်ပင်းအတွင်းရှိ ပြန်ရည်ကျိတ်များအထိ ပျံ့နှံ့သွားသောအခါ လည်ပင်းဘေးဘက်မှ အစိတ်အပိုင်းအား ဖြတ်တောက်ခြင်းကို များသောအားဖြင့် ပြုလုပ်လေ့ရှိပါသည်။ လည်ပင်းအစိတ်အပိုင်းဖြတ်တောက်ခြင်း နှစ်မျိုးလုံး၌ သိုင်းရွိုက်ဂလင်းနှင့် ဆက်နွယ်သည့် အလားအလာများစွာရှိသော ပြန်ရည်ကျိတ်များကို ဖယ်ရှားခြင်းပါဝင်ပါသည်။ ထို့ပြင် ထိုသို့ ဖြတ်တောက်ခြင်း၌ ပျံ့နှံ့ပြီးဖြစ်သည့် ကင်ဆာဆဲလ်များလည်း ပါဝင်သွားနိုင်သည့် အလားအလာများရှိသည်။

    ဤလုပ်ငန်းစဉ်အား ကလေးများတွင် ပုံမှန်လုပ်ဆောင်နေသည့် အတွေ့အကြုံရှိသည့် ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်မှုကို ဆောင်ရွက်သင့်ပါသည်။ ရောဂါကုသမှု လမ်းညွှန်များမှ အကြံပြုထားသည်မှာ ထိုခွဲစိတ်မှုအားတစ်နှစ်လျှင် အနည်းဆုံး အလားတူ လုပ်ဆောင်ချက် ၃၀ကို ဆောင်ရွက်ဖူးသည့် အတွေ့အကြုံများပြီး နာမည်ရှိသည့် သိုင်းရွိုက်ခွဲစိတ်ဆရာဝန်မှ ဆောင်ရွက်သင့်ကြောင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းသည် ခွဲစိတ်ကုသမှု၏ နောက်ဆက်တွဲ အခြေအနေများ၏ အလားအလာအန္တရာယ်ကို လျှော့ချပေးပါသည်။ ခွဲစိတ်ကုသခြင်း၏ အန္တရာယ်များတွင် အာရုံကြော အထူးသဖြင့် ပြန်ဖြစ်လာနိုင်သည့် အသံအိုးအာရုံကြော နှင့် parathyroid ဂလင်းများ ကဲ့သို့သော လည်ပင်းတစ်ဝိုက်ရှိ ဖွဲ့စည်းမှုများကို ပျက်ဆီးစေခြင်းတို့ ပါဝင်သည်။

    လူတစ်ဦးစီတွင် သိုင်းရွိုက်၏ အနောက်တွင် အလွန်သေးသည့် ဖွဲ့စည်းမှုများနှင့်အတူ တည်ရှိသည့် ပါရာသိုင်းရွိုက်ဂလင်း ၄ ခု ရှိသည်။ ဤ ဂလင်းများသည် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပြီး ထိုဟော်မုန်းသည် ခန္ဓာကိုယ်အတွင်းတွင် ပုံမှန် ကယ်လ်စီယံဓာတ်ပမာဏကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ တစ်ခါတစ်ရံ ပါရာသိုင်းရွိုက်ဂလင်းများအား ခွဲစိတ်မှုလုပ်ဆောင်စဉ် ထိခိုက်တတ်သည်။ ခွဲစိတ်မှုတွင် ပြဿနာ တစ်စုံတစ်ရာ မရှိသည့်တိုင် ပါရာသိုင်းရွိုက်ဂလင်းသည် သိုင်းရွက်အား ခွဲစိတ်ဖြတ်တောက်ပြီးနောက်တွင် လှုပ်ရှားမှုကင်းမဲ့ခြင်း ဖြစ်သွားတတ်ပါသည်။ ဤသို့ဖြစ်ခြင်းက ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်မဟုတ်လျော့ကျသည့်အခြေအနေကို ဖြစ်ပေါ်စေပြီး ပါရာသိုင်းရွိုက်ဟော်မုန်း၏ လျော့နည်းကျဆင်းခြင်းကို ဖြစ်ပေါ်စေသည်။ လူနာများသည် ကြွက်သားများ ကြွက်တက်ခြင်းနှင့် လက်များ၊ ခြေထောက်များ၊ မျက်နှာတွင် ထုံပြီး တဆစ်ဆစ်ခံစားရခြင်းများအပါအဝင် ကယ်လစီယမ် နိမ့်ကျခြင်း (သို့မဟုတ် ဟိုက်ပိုကာလစီမီးယား) ဟု ခေါ်သော ကယ်လ်ဆီယံဓာတ်နည်းသည့် လက္ခဏာ ကို ခံစားရစေပါသည်။ ကုသမှုတွင် ကာလစီထရီအိုးလ်ဟု ခေါ်သော ဗီတာမင် D အပြင်းစား ပုံစံတစ်မျိုးအား သုံးစွဲရန်နှင့် ကယ်လ်ဆီယမ် ဖြည့်စွက်မှုကို ပြုလုပ်ရန် လိုအပ်မည်။ ဤအခြေအနေသည် ယာယီ သို့မဟုတ် အမြဲတမ်း (“ခွဲစိတ်မှုပြီးနောက် ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်မဟုတ်လျော့ကျသည့်အခြေအနေ”) ဖြစ်နိုင်ပါသည်။ ပါရာသိုင်းရွိုက်ဂလင်းများအား ဖယ်ရှားပြီးသောအခါ သို့မဟုတ် ၎င်းတို့သည် လုံးဝ ပျက်ဆီးသွားသောအခါ ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်မဟုတ်လျော့ကျသည့်အခြေအနေသည် အမြဲတမ်း ဖြစ်သွားပြီး လူနာများသည် တစ်သက်တာ ကုသမှုကို လိုအပ်ပါသည်။

    သိုင်းရွိုက်ခွဲစိတ်ကုသခြင်း၏ အခြားအန္တရာယ်မှာ ထပ်တလဲလဲ ဖြစ်ပေါ်နိုင်သည့် အသံအိုး အာရုံကြောထိခိုက်မှုဖြစ်သည်။ ဤအာရုံကြောသည် အသံကြိုးများကို လှုပ်ရှားစေပြီး စကားပြောသည့်လုပ်ငန်းဆောင်ရွက်စေရန် ကူညီပါသည်။ တစ်ခါတစ်ရံတွင် အသံအိုးအာရုံကြော၌ အကျိတ်ရှိလျှင် ၎င်းအသံအိုးအာရုံကြောကို ဖယ်ရှားရမည်။

    နား/နှာခေါင်း/လည်ချောင်း ဆရာဝန်သည် အသံကြိုး၏ လုပ်ဆောင်မှုကို စစ်ဆေးသည့်လုပ်ငန်းစဉ်ကို ခွဲစိတ်ကုသမှု မပြုလုပ်မီ ဆောင်ရွက်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ကွေးညွှတ်နိုင်သော ကင်မရာတစ်ခုအား နှာခေါင်းမှ တစ်ဆင့် အသံကြိုးများကို ပုံဖော်ရန် ထည့်သွင်းပြီး ထိုအသံကြိုးများ ကောင်းစွာ အလုပ် လုပ်မလုပ်ကို စစ်ဆေးခြင်းများ ပါဝင်သည်။ ဤလုပ်ဆောင်ချက်ကို ခွဲစိတ်မှု ပြီးဆုံးသော အခါ အသံကြိုး၏လုပ်ငန်းစဉ်ကို အကဲဖြတ်ရန် နောက်တစ်ကြိမ်ထပ်မံ လုပ်ဆောင်ပါသည်။

    ခွဲစိတ်နေစဉ် အာရုံကြောထိခိုက်မှု အန္တရာယ်ကို လျှော့ချရန် ပြင်ပမှ တပ်ဆင်သော အထူးလေပြွန် (အသက်ရှူပြွန်) ကို အသုံးပြုနိုင်ပါသည်။ အသက်ရှူပြွန်တွင် အတွင်းပိုင်းအား စစ်ဆေးသည့် လျှပ်ခေါင်းပါရှိပြီး ခွဲစိတ်နေစဉ်တွင် အာရုံကြောများကို စောင့်ကြည့်လေ့လာပါသည်။

    ခွဲစိတ်နေစဉ် အသံကြိုး၌ ဒဏ်ရာရခြင်းသည် ယာယီသာ ဖြစ်တတ်သည်။ သို့ရာတွင် ထိုဒဏ်ရာရခြင်းသည် ပြန်ကောင်းရန် တစ်နှစ်ခွဲအထိ ကြာမြင့်တတ်သည်။ လူနာတစ်ဦးသည် အသံပြောင်းလဲလာလျှင် သို့မဟုတ် အသက်ရှူခြင်း သို့မဟုတ် မျိုချခြင်းများ ခက်ခဲလာလျှင် ထိုလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် အသံကြိုးများကို ယာယီ ပစ္စည်းတစ်ခုဖြင့် ထိုးသွင်းနိုင်သည်။ ထိုအာရုံကြောသည် ပြန်ကောင်းမလာသော အခါ အာရုံကြောအား ပြန်လည်အစားထိုး မွမ်းမံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤလုပ်ငန်းစဉ်သည် ထိခိုက်မှုရှိသော အသံကြိုး၏ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေရန်အတွက် အလုပ်မလုပ်သော  အသံအိုးအာရုံကြောကို အလုပ်လုပ်သော အာရုံကြောနှင့် ဆက်သွယ်ပေးပါသည်။

    သိုင်းရွိုက် ခွဲစိတ်ဖြတ်တောက်ခြင်းကြောင့် နောက်ဆက်တွဲအာရုံကြောပြဿနာသည် ရှားပါးပြီး 1.4% မှ 14% အထိသာ ဖြစ်ပေါ်နိုင်သည်။ ခွဲစိတ်ဆရာဝန်သည် ပို၍အတွေ့အကြုံရှိလေလေ နောက်ဆက်တွဲရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ကို လျှော့ချနိုင်လေလေ ဖြစ်သည်။

  2. ခွဲစိတ်မှုပြီးဆုံးသောအခါ လူနာများသည် နောက်ဆက်တွဲစောင့်​ရှောက်မှုအတွက် စီစဉ်ရန် စစ်ဆေးမှုများကို ခံယူရမည်ဖြစ်သည်။ ရောဂါ၏ အတိုင်းအတာကို မူတည်၍ လူနာအား စောင့်ကြည့်လေ့လာမည် သို့မဟုတ် လူနာသည် ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (131I) ကုထုံး သို့မဟုတ် ထပ်ဆောင်းခွဲစိတ်ကုထုံး ပါဝင်သည့် ပါဝင်သည့် အခြားကုသမှုများကို ခံယူရနိုင်သည်။

    "ရောဂါဖြစ်နိုင်ခြေ နည်းပါးမှု" အခြေအနေရှိသည်ဟု သိရသော လူနာများသည် ခွဲစိတ်မှုပြီးဆုံးသောအခါ ပုံမှန်စမ်းသပ်စစ်ဆေးရန်နှင့် လီဗိုသိုင်ရိုဇင်းဆေးဝါးအသုံးပြု၍ TSH လျှော့ချသည့် ကုသမှုများကို ဆက်လက်ခံယူရပါမည်။ သိုင်းရွိုက်လှုံ့ဆော်သည့် ဟော်မုန်းအားပိတ်ဆို့ခြင်း (TSH) သည် ဤဟော်မုန်းကြောင့် ဖြစ်ပေါ်သော အကျိတ်ဆဲလ်များကြီးထွားစေခြင်းကို ဟန့်တားသည်။ စောင့်ကြည့်လေ့လာခြင်းတွင် သိုင်ရိုဂလိုဗျူလင်နှင့် သိုင်ရိုဂလိုဗျူလင်၏ ပဋိပစ္စည်းပမာဏကို စစ်ဆေးမှုပြုလုပ်ခြင်းနှင့် ရောဂါပြန်လည်ဖြစ်ပွားခြင်းကို စောင့်ကြည့်ရန် အာထရာဆောင်းဖြင့် ပုံဖော်ရိုက်ကူးခြင်းတို့ ပါဝင်ပါသည်။

    "ရောဂါဖြစ်နိုင်ခြေ အလယ်အလတ်ရှိခြင်း" အခြေအနေရှိ လူနာအချို့နှင့် "ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း" အခြေအနေရှိ လူနာအားလုံးကို ခန္ဓာကိုယ်တစ်ခုလုံး ရောဂါရှာဖွေသည့် စကင်ဖတ်ခြင်းနှင့် TSH လှုံ့ဆော်သည့် သိုင်ရိုဂလိုဗျူလင်တို့ဖြင့် အကဲဖြတ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ရောဂါရှာဖွေသည့် စကင်ဖတ်ခြင်းသည် သိုင်းရွိုက်ကင်ဆာအား ခန္ဓာကိုယ်၏ အခြားနေရာများကို ပျံ့နှံ့မှုရှိမရှိကို ရှာဖွေရန် အသုံးပြုပါသည်။ ဤစမ်းသပ်ချက်တွင် အထူးကင်မရာတစ်မျိုးဖြင့် ရေဒီယိုသတ္တိကြွ ခြေရာခံသည့်ပစ္စည်းဖြစ်သည့် ရေဒီယို အိုင်အိုဒင်း (RAI) I-123 ကို ထောက်လှမ်းရှာဖွေလေ့ရှိသည်။ သိုင်းရွိုက်ဆဲလ်များသည် ဟော်မုန်းကို ပြုလုပ်ရန် အိုင်အိုဒင်းကို အသုံးပြုသောကြောင့် အဓိကအားဖြင့် အိုင်အိုဒင်းအိုက်ဆိုတုပ်ကို သိုင်းရွိုက်ဆဲလ်များမှ စုပ်ယူကြသည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ သိုင်းရွိုက်ကင်ဆာဆဲလ်များကို အရောင်ခြယ်၍ စကင်ဖတ်ပြီး ဖန်တီးထားသည့်ရုပ်ပုံ။ ဤ စမ်းသပ်ချက်တွင် 123I ဓာတ်ရောင်ခြည်ပမာဏသည် အင်မတန်နည်းပြီး ၎င်းကို ပုံရိပ်ဖော်ရန်အတွက်သာ အသုံးပြုပါသည်။

    စကင်ရလာဒ်များနှင့် သိုင်ရိုဂလိုဗျူလင်အဆင့်ပမာဏများကို အခြေခံပြီး ရေဒီယို သတ္တိကြွ အိုင်အိုဒင်းကို ကုသမှု တစ်ခုအဖြစ် အသုံးပြုပါသည်။ အချို့လူနာများသည် ရောဂါကို ဖယ်ရှားပစ်နိုင်ပါက ထပ်ဆောင်းခွဲစိတ်မှုများကို ရယူနိုင်ပါသည်။

  3. ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ ရောဂါဖြစ်နိုင်ခြေ အလယ်အလတ်ရှိခြင်းနှင့် ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း အခြေအနေများရှိသူ လူနာများသည် 131I ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း (RAI) ပါဝင်သော ကုသမှုကို ခံယူရနိုင်သည်။ သိုင်းရွိုက်ဆဲလ်များကို ဖျက်ဆီးရန် ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းကုထုံးကို အသုံးပြုပါသည်။ ဤကုထုံးတွင် သိုင်းရွိုက်ဆဲလ်များ (သိုင်းရွိုက်ကင်ဆာဆဲလ်များ အပါအဝင်) အား သိုင်းရွိုက်ဆဲလ်များထံသို့ ဓာတ်ရောင်ခြည်အား အထူးပို့ဆောင်သည့် အိုင်အိုဒင်းကို စုပ်ယူရန် လှုံ့ဆော်ပေးသည်။ ထိုဓာတ်ရောင်ခြည်သည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ဆဲလ်များကိုပင် သေစေပါသည်။

    သို့ရာတွင် ရောဂါရှာဖွေဖော်ထုတ်ရန်အတွက် ပုံရိပ်ဖမ်းခြင်းတွင် 123I လျော့နည်းသုံးစွဲသည့် ပမာဏနှင့် မတူဘဲ ကုသမှုပြုလုပ်သည့် I-131 အား သုံးစွဲမှုသည် ပြင်းထန်သော နောက်ပိုင်းကာလ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိသည်။ 131I RAI ကုထုံးသည် ထပ်မံဖြစ်ပေါ်နိုင်သည့် ဒုတိယကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်မားစေနိုင်သည်ဟု အချို့သုတေသနများက ပြဆိုသော်လည်း ၎င်းကုထုံးနှင့် ပတ်သက်၍ ကလေးဘဝ သို့မဟုတ် မြီးကောင်ပေါက်ဆယ်ကျော်သက် ဘဝတွင် ကုသမှု ခံယူခဲ့သော လူနာများတွင် ကောင်းစွာလေ့လာထားခြင်း မရှိပါ။ ဆေးကုသမှုအဖွဲ့နှင့် မိသားစုသည် သိုင်းရွိုက်ကင်ဆာ၏ ဖြစ်နိုင်ခြေအလားအလာများ၊ ကုသမှုခံယူခြင်း၏ အပြစ်များနှင့် အကျိုးကျေးဇူးများအပြင် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရပါမည်။ ရောဂါအတိုင်းအတာ၊ ယခင်ကုသမှုများ၏ သဘာဝနှင့် ၎င်းတို့အပေါ် တုံ့ပြန်မှု၊ အခြားဆေးကုသမှုဆိုင်ရာအခြေအနေများ စသည့် အချက်အလက်များသည် ကုသမှုအစီအစဉ်များကို လွှမ်းမိုးနိုင်ပါသည်။

  4. ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးများ ကို သိုင်းရွိုက်ကင်ဆာကုသမှုအတွင်း လေ့လာနေပါသည်။ ဤဆေးဝါးများသည် ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ကာကွယ်ရန် အဓိကထား လုပ်ဆောင်ကြပါသည်။ ကိုင်နေ့စ် ဟန့်တားဆေးများသည် အချို့လူနာများအတွက် အကူအညီဖြစ်စေနိုင်သည်။

    အဆင့်မြင့်သော သို့မဟုတ် မကြာခဏပြန်လည်ပေါ်ပေါက်တတ်သည့် ရောဂါရှိသည့် လူနာများသည် စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းတွင် ဝင်ရောက်စာရင်းသွင်းရန် စဉ်းစားနိုင်ပါသည်။

ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာပျောက်ကင်းပြီးနောက် နေ့စဉ်ဘဝ

ပြန်လည်ဖြစ်ပွားခြင်းနှင့် နောက်ဆက်တွဲ ကုသမှုအတွက် စောင့်ကြည့်လေ့လာခြင်း

လူနာများသည် သိုင်းရွိုက်ကင်ဆာ ကုသခြင်းပြီးနောက် ဘက်စုံဆေးဝါးကူညီမှုအသင်းမှ တစ်သက်တာ စောင့်ကြည့်လေ့လာခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုကို ခံယူရန် လိုအပ်ပါသည်။ စမ်းသပ်မှုများ၏ အကြိမ်အရေအတွက်နှင့် အမျိုးအစားများအတွက် တိကျသည့် ညွှန်းဆိုချက်များသည် လူနာ၏လိုအပ်ချက်နှင့် သိုင်းရွိုက်ကင်ဆာ၏ အမျိုးအစားနှင့် အဆင့် အပေါ်မူတည်ပြီး ကွဲပြားပါသည်။

ထူးခြား၍ ခွဲခြားနိုင်သာ သိုင်းရွိုက်ကင်ဆာတွင် သိုင်ရိုဂလိုဗျူလင်အဆင့်ပမာဏများသည် အကျိတ်၏ညွှန်မှတ်များအဖြစ် ရောဂါကို စောင့်ကြည့်လေ့လာရာတွင် ကူညီပေးပါသည်။ ထပ်ဆောင်းထည့်သွင်းစဉ်းစားရမည့်အချက်များတွင် သိုင်းရွိုက် ဟော်မုန်း အစားထိုးသည့် ကုသမှုပါဝင်သည့် ဆေးဝါးသုံးစွဲမှုများကို စွဲမြဲစွာလုပ်ဆောင်ရန်နှင့် TSH အား ထိန်းချုပ်ခြင်း ပါဝင်သည်။

ရေရှည်စောင့်ရှောက်မှုတွင် ပါဝင်သော အဓိကအချက်များ

  • သိုင်းရွိုက်နှင့် ပြန်ရည်ကျိတ်များအား ပုံမှန်စစ်ဆေးခြင်း
  • လည်ပင်း/ သိုင်းရွိုက်အား အာထရာဆောင်းဖြင့် ပုံဖော်ရိုက်ကူးခြင်း
  • TSH အား ထိန်းချုပ်ခြင်းနှင့် ကုသမှုကို စွဲမြဲစွာ လုပ်ဆောင်ရန် အထောက်အပံ့ပါရှိသည့် သိုင်းရွိုက်ခွဲစိတ်ဖြတ်တောက်ပြီးနောက် ဟော်မုန်းအစားထိုးကုထုံး (လီဗိုသိုင်ရိုဇင်း)
  • သွေးရှိ သိုင်ရိုဂလိုဗျူလင် (Tg) နှင့် Tg ပဋိပစ္စည်းများကို စောင့်ကြည့်လေ့လာခြင်း

သိုင်းရွိုက်ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းသည် ကုသမှုပြီးနောက် နှစ်ပေါင်းများစွာ ကြာနောက်တွင် ပြန်လည်ဖြစ်ပေါ်နိုင်သည်။ အမြဲမပြတ်ဆက်တိုက် စောင့်ကြည့်လေ့လာခြင်းသည် နောက်ပိုင်းပြန်လည်ဖြစ်ပွားခြင်းကို စောစီးစွာ စစ်ဆေးသိရှိရရန် ကူညီပေးပါသည်။

သိုင်းရွိုက်နှင့် လည်ပင်း ခွဲစိတ်ကုသမှုနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု

လူနာများအပေါ် ကုသမှုအတောအတွင်းနှင့် ပြန်လည် နလန်ထချိန်တွင် စိတ္တလူမှုရေးဆိုင်ရာ အထောက်အပံ့များပံ့ပိုးပေးခြင်းသည် အကျိုးရှိနိုင်ပါသည်။ စိတ်ပညာ၊ ကလေးဘဝရှင်သန်မှု၊ လူမှုကူညီရေးလုပ်ငန်းနှင့် အခြားစည်းမျဉ်းများအတွက် ကိုယ်စားပြုဆောင်ရွက်သော စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ဘဝအရည်အသွေးကို သက်ရောက်မှုရှိနိုင်သည့် ကုသမှုများကို ဖြေရှင်းကိုင်တွယ်ရာတွင်လည်းကောင်း စွဲမြဲစွာခံယူစေရန်အတွက်လည်းကောင်း အထောက်အကူဖြစ်စေသည်။ လုပ်ဆောင်နိုင်သည့် အချက်များတွင် နေ့စဉ် ဆေးဝါးသုံးစွဲမှု၊ ခွဲစိတ်မှု အမာရွတ်များကြောင့် ဖြစ်သော ခန္ဓာကိုယ်ပုံရိပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ချိန်ညှိခြင်းနှင့် ချိန်ညှိခြင်းဆိုင်ရာ အခြားလိုအပ်မှုများ ပါဝင်ပါသည်။

လူနာများသည် လည်ပင်းလှုပ်ရှားနိုင်မှုနှင့် လှုပ်ရှားနိုင်သည့်အဆင့်ကို သိရှိစေရန် ခွဲစိတ်မှုပြီးဆုံးသောအခါ ရုပ်ပိုင်းဆိုင်ရာ ကုထုံး ကို လည်း လိုအပ်နိုင်ပါသည်။

သိုင်းရွိုက်ကင်ဆာအား ရောဂါရှာဖွေခြင်းအား ချိန်ညှိလုပ်ဆောင်ခြင်းသည် မိသားစုများအတွက် စိန်ခေါ်မှုဖြစ်စေနိုင်ပါသည်။ ရောဂါအခြေအနေတိုးတက်မှုသည် ယေဘုယျအားဖြင့် အလွန်ကောင်းမွန်သော်လည်း ရောဂါအား ဆေးပေးစောင့်ရှောက်ခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တစ်သက်တာ စီမံခန့်ခွဲမှုလိုအပ်ပါသည်။ လူနာများသည် အမှီအခိုကင်းလွှတ်လာသည်နှင့်အမျှ မြီးကောင်ပေါက်အရွယ်နှင့် လူငယ်ဘဝကဲ့သို့ အသက်ပိုင်းဆိုင်ရာ အကူးအပြောင်းတွင် အထောက်အပံ့လိုအပ်ချက်များ တိုးတက်များပြားနိုင်ပါသည်။ ညှိယူခြင်းအတွက် စိန်ခေါ်မှုများသည် သိုင်းရွိုက်ကင်ဆာအား ဒုတိယကင်ဆာအဖြစ် ခံစားရသည့် လူနာများအတွက် ပိုပြီး ကြီးမားပါသည်။

ကုထုံး၏ နောက်ပိုင်းဖြစ်လာသော ဘေးထွက်ဆိုးကျိုးများ

ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကုထုံးကို ခံယူနေသည့် လူနာများအား အလားအလာရှိသည့် ရေရှည်နှင့် ကုသမှု၏ နောက်ပိုင်းတွင်ဖြစ်လာသော ဘေးထွက်ဆိုးကျိုးများ၏ အလားအလာအတွက် နောက်ပိုင်းဆက်လက်စောင့်ရှောက်မှုကို ခံယူသင့်ပါသည်။ အထူး ထည့်သွင်းစဉ်းစားရမည့်အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ခြောက်သွေ့သောပါးစပ်နှင့် သက်ဆိုင်သည့် တံတွေးဂလင်းများ ပုံမှန်မလုပ်ဆောင်နိုင်ခြင်းနှင့် ဖြစ်နိုင်ခြေမြင့်မားသည့် သွားပျက်ဆီးမှုအတွက် နောက်ဆက်တွဲစောင့်ရှောက်မှု
  • မျိုးပွားအင်္ဂါများနှင့် သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်နိုင်မှုအား စောင့်ကြည့်လေ့လာခြင်း
  • အဆုပ်နှင့် ပတ်သတ်၍ ပြဿနာများရှိသည့် လူနာများတွင် အဆုပ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာခြင်း
  • ဒုတိယ အန္တရာယ်ရှိသည့်မူရင်းအခြေအနေကို စောင့်ကြည့်လေ့လာခြင်း

အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းအတွက် ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်ပါသည်။ ထို့ပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် မ်းသပ်စစ်ဆေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သင့်ပါသည်။ ကင်ဆာရောဂါပျောက်ကင်းသူများသည် ကင်ဆာကုထုံးအားလုံးအပါအဝင် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာမှတ်တမ်းများကို ၎င်းတို့၏ စောင့်ရှောက်သူများနှင့် ဆွေးနွေးသင့်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018