အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မှဲ့ ကင်ဆာ

မယ်လန်နိုမာဆိုတာဘာလဲ။

မယ်လန်နိုမာဆိုသည်မှာ လူကြီးတွင် အတွေ့ရများဆုံးသော အရေပြားကင်ဆာတစ်မျိုးဖြစ်ပါသည်။ ရှားပါးသော်လည်း အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်နှစ်တိုင်း ကလေးနှင့်ဆယ်ကျော်သက်ပေါင်း ၃၀၀-၄၀၀ ခန့်ကို မယ်လန်နိုမာ သက်ရောက်လျက်ရှိပါသည်။ မယ်လန်နိုမာသည် အရေပြား၏ မည်သည့်အပိုင်းတွင်ဖြစ်စေ ကြီးထွားနိုင်ပါသည်။ . မျက်လုံးထဲတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ မကုသဘဲ ထားပါက မယ်လန်နိုမာသည် ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပါသည်။

မယ်လန်နိုမာတွင် မယ်လန်နိုဆိုက်လို့ခေါ်သည့် အရေပြားဆဲလ်တွင် ကင်ဆာ ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ မယ်လန်နိုဆိုက်သည် အရေပြားကို အရောင် (ရောင်ခြယ်) ထောက်ပံ့ပေးသည့် မယ်လန်နင်များကို ထုတ်လုပ်ခြင်း ဖြစ်ပါသည်။

မယ်လန်နင်သည် မယ်လန်နိုဆိုက်ဟုခေါ်သည့် အချို့အရေပြားဆဲလ်များမှ ထုတ်လုပ်လိုက်သည့် ရောင်ခြယ်တစ်မျိုးဖြစ်ပါသည်။ မယ်လန်နင်သည် နေရောင်ခြည်မှလာသည့် ခရမ်းလွန်(ယူဗီ) ဓာတ်ရောင်ခြည် မှ အရေပြားကို ကာကွယ်ရာတွင် အထောက်အကူဖြစ်ပါသည်။ နက်မှောင်သည့် အသားအရေရှိသော လူများသည့် မယ်လန်နင်ပိုရှိပြီး မယ်လန်နိုမာဖြစ်ပွားလာနိုင်ခြေမရှိပါ။

လူကြီးရောဂါတစ်ခုအနေနှင့် စဉ်းစားလေ့ရှိသော်လည်း အသက် ၁၅ နှစ်အောက်ကလေးများတွင် ဖြစ်ပွားသည့် ကင်ဆာများ၏ ၁ ရာခိုင်နှုန်းသည် မယ်လန်နိုမာ ဖြစ်ပါသည်။ သက်ကြီးရွယ်ကြီးအုပ်စုများတွင် ပိုဖြစ်ပွားလေ့ရှိသော်လည်း ဆယ်ကျော်သက်အရွယ် ၁၅-၁၉ နှစ်တွင်ဖြစ်သည့် ကင်ဆာများ၏ ၇% ရှိပါသည်။ 

မယ်လန်နိုမာ၏ လက္ခဏာများမှာ ယားယံခြင်း၊ သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း၊ အရွယ်အစားကြီးလာသည့်မှဲ့ကဲ့သို့သော ပုံမှန်မဟုတ်သည့် အရေပြားပြောင်းလဲမှုများ ပါဝင်ပါသည်။ မယ်လန်နိုမာသည် အရောင်ဖြော့ သို့ အနီရောင်ဖု တစ်လုံးအဖြစ်လည်း ပေါ်လာနိုင်ပါသည်။ 

မယ်လန်နိုမာအတွက်ကုသမှုသည် ရောဂါအဆင့်ပေါ် မူတည်ပါသည်။ ကင်ဆာဖယ်ရှားရန် မယ်လန်နိုမာလူနာများကို ခွဲစိတ်မှု နှင့် ကုသပါသည်။ ပိုမိုဆိုးရွားသည့် ရောဂါအတွက် ပုံမှန်ထက်ပိုသည့် ကုသမှုများ လုပ်ဆောင်ရန်လိုပါသည်။ ၎င်းကုသမှုများတွင် ပါဝင်သည်များမှာ ပစ်မှတ်ထားကုသနည်းကီမိုဆေးသွင်းခြင်း ကုထုံး နှင့်/(သို့မဟုတ်) ခုခံအားကုထုံးများ အပါအဝင် ထပ်ဆောင်းကုသမှုများ လိုအပ်ပါသည်။

စောစောသိရှိပါက မယ်လန်နိုမာအတွက် ရှင်သန်နှုန်းသည် အလွန်ကောင်းပါသည်။ သို့ရာတွင် မယ်လန်နိုမာသည် ပြန်ရည်ဖုများနှင့်ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့နိုင်ပြီး ၎င်းသည် ကုသရန် ပို၍ခက်ခဲနိုင်ပါသည်။ ဤအကြောင်းရင်းကြောင့် မယ်လန်နိုမာကို စောစီးစွာ ဖော်ထုတ်သိရှိမှုက အလွန်အရေးကြီးပါသည်။

မယ်လန်နိုမာဖြစ်နိုင်ခြေများ နှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ

အချို့အကြောင်းအရင်းများသည် မယ်လန်နိုမာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ လောင်လွယ်သည့်အသားဖြူမှု၊ အချို့အရေပြားအခြေအနေများ၊ မျိုးရိုးထဲတွင် မယ်လန်နိုမာရှိခြင်း နှင့်/(သို့မဟုတ်) ပုံမှန်မဟုတ်သည့်မှဲ့ နှင့် နေထိတွေ့မှုမှတ်တမ်း (သို့) နေလောင်ကျွမ်းမှုတို့ ပါဝင်ပါသည်။ မယ်လန်နိုမာသည် ဆယ်ကျော်သက်များတွင် ပိုဖြစ်လေ့ရှိပါသည်။

မယ်လန်နိုမာလက္ခဏာများ

မယ်လန်နိုမာလက္ခဏာများတွင် အရေပြားပြောင်းလဲခြင်းအပါအဝင် ပါဝင်သည့်အရာများမှာ-

  • အရေပြားပေါ်ရှိ မှဲ့ (သို့) အဖုတစ်ခုသည် အရွယ်အစား (သို့) ပုံပန်းသဏ္ဍန် ပြောင်းလဲကြီးထွားလာပြီး အထူးသဖြင့် အပြောင်းအလဲသည် အချိန်တိုတွင်း ဖြစ်ပွားပါက
  • ပုံမှန်မဟုတ်သည့်ပုံပန်းသဏ္ဍန်နှင့်မှဲ့ (သို့) အရွယ်အစားကြီးသည့်တစ်ခု
  • အရေပြားပေါ်ရှိ ဖြူဖျော့သောအရောင်ရှိ (သို့) အနီရောင်အဖု
  • ယားယံခြင်း (သို့) သွေးထွက်သည့် မှဲ့ (သို့) အဖု

မယ်လန်နိုမာလက္ခဏာများကို စဉ်းစားရန် အကူအညီဖြစ်သည့်နည်းလမ်းတစ်ခုမှာ အေဘီစီဒီအီးကို မှတ်ထားခြင်း ဖြစ်ပါသည်-

အေ: ပုံပန်းမကျခြင်း
ဘီ: အရေပြားမှဲ့နှင့်အဖုများ ပုံမှန်မဟုတ်ခြင်း
စီ: အရောင်ပြောင်းလဲမှု
ဒီ: အချင်း (>၅မီလီမီတာ)
အီ: အပြောင်းအလဲ၏ အထောက်အထား (သို့) ဆင့်ကဲပြောင်းလဲမှု

မယ်လန်နိုမာရောဂါရှာဖွေဖော်ထုတ်ခြင်း

မယ်လန်နိုမာကို စမ်းသပ်စစ်ဆေးရန် လုပ်ထုံးလုပ်နည်းများနှင့် စစ်ဆေးမှုအမျိုးမျိုးများကို သုံးပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်- 

  • ရောဂါလက္ခဏာများ၊ ယေဘုယျကျန်းမာရေး၊ ယခင်ဖျားနာမှုများ၊ မိသားစုမှတ်တမ်းနှင့် အခြားဖြစ်နိုင်ခြေအကြောင်းအရင်းများကို သိရန် ကျန်းမာရေးမှတ်တမ်းနှင့်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု။ 
  • မှဲ့များ၊အဖုများနှင့်သမာရိုးကျမဟုတ်သည့်အရေပြားနေရာတွေကို စစ်ဆေးမည့် အရေပြားစစ်ဆေးမှု
  • မယ်လန်နိုမာစမ်းသပ်စစ်ဆေးမှုကိုပြုလုပ်ရန် အရေပြားတစ်ရှုး အသားစနမူနာထုတ်ယူစစ်ဆေးခြင်း ထို့နောက် ကင်ဆာလက္ခဏာကို ရှာဖွေဖို့အတွက် ဆဲလ်များကို အဏုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေးတာဖြစ်ပါတယ်။ မယ်လန်နိုမာအတွက်အသားစထုတ်ယူစစ်ဆေးခြင်းတွင် မျက်နှာပြင်မှ အကျိတ်သည် မည်မျှထိုးထွက်သည်ကိုကြည့်ရန် အရေပြား၏နက်ရှိုင်းသည့်အဆင့်မှ တစ်ရှုးကိုရယူရန် အရေးကြီးပါသည်။ မယ်လန်နိုမာဖြစ်နိုင်ခြေကို သုံးသပ်တွက်ချက်ရန် အထူးလေ့ကျင့်ကျွမ်းကျင်မှုရှိသည့် အရေပြားအထူးကုဆရာဝန်တစ်ယောက် က ဤလုပ်ပုံလုပ်နည်းကို ဆောင်ရွက်သင့်ပါသည်။ 

မယ်လန်နိုမာပျံ့နှံ့နိုင်သည်ဟု ဆရာဝန်များက စိုးရိမ်ပါက ထပ်ဆောင်းစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • မယ်လန်နိုမာတွင် မြင့်တက်နိုင်သည့် သွေးထဲမှပစ္စည်းတစ်ခုဖြစ်သောလတ်တေ့ဒီဟိုက်ဒရိုဂျန်နေ့စ် ((အယ်လ်ဒီအိပ်ချ်) အပါအဝင် သွေးစစ်ဆေးမှုများ။
  • အနီးအနားပြန်ရည်ဖုများသို့ မယ်လန်နိုမာပျံ့နှံ့မှုကိုစမ်းသပ်ရန်ပြန်ရည်ဖုမြေပုံဆွဲခြင်း နှင့် အသားစနမူနာထုတ်ယူစစ်ဆေးခြင်း။ ကင်ဆာပျံနှံ့နိုင်ခြေပြန်ရည်ဖုအသားစနမူနာထုတ်ယူစစ်ဆေးမှုဟုခေါ်သည့်ဤလုပ်ငန်းစဉ်မှာ အထူးဆိုးဆေး (သို့) ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းတစ်ခုကို မယ်လန်နိုမာနေရာသို့ ထိုးသွင်းလိုက်ခြင်းဖြစ်ပါသည်။ ဆိုးဆေးသည် မူလအကျိတ်မှ ပြန်ရည်ဖုစနစ် ကိုဖြတ်၍ ပထမဆုံးသော ပြန်ရည်ဖုများဆီသို့သွားပါသည်။ အဆိုပါပြန်ရည်ဖုများကို ဖယ်ရှားနိုင်ပြီး ကင်ဆာလက္ခဏာများကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။ မယ်လန်နိုမာအဆင့်ကို ဆုံးဖြတ်ရန်နှင့် ကုသမှုကိုအစီစဉ်ဆွဲရာတွင် အထောက်အကူဖြစ်စေရန် အရေးကြီးပါသည်။
  • ခန္ဓာကိုယ်၏အခြားအပိုင်းများသို့ မယ်လန်နိုမာ၏ပျံ့နှံ့မှုကိုခွဲခြားရန် ပုံရိပ်စစ်ဆေးမှုများကို သုံးပါသည်။ အကျိတ်၏စရိုက်လက္ခဏာများနှင့် ပြန်ရည်ဖု၏ပါဝင်မှုများအပေါ်တွင်မူတည်ပြီး ရွေးချယ်ထားသည့် ဖြစ်ရပ်များတွင် စစ်ဆေးမှုများကိုလုပ်ပါသည်။ ပုံရိပ်စစ်ဆေးမှုများအချို့တွင် အမ်အာအိုင်၊ ပီအီးတီစကင် (သို့) စီတီ တို့ပါဝင်ပါသည်။
    • သံလိုက်ဓာတ်သုံးပုံဖော်နည်း (အမ်အာအိုင်) သည် ခန္ဓာကိုယ်အသေးစိတ်ဓာတ်ပုံများရိုက်ရန် ရေဒီယိုလှိုင်းများနှင့် သံလိုက်များကို သုံးခြင်းဖြစ်ပါသည်။
    • နူကလီယားသုံး ပုံဖော်ခြင်း (PET) စကင်န်သည် ခန္ဓာကိုယ်ကို တွက်ချက်ပုံရိပ်ပြုလုပ်ရန် သွေးပြန်ကြောတစ်လျှောက် ရေဒီယိုသတ္တိကြွဂလူးကို့စ်(သကြား)ကို ပေးပြီး အသုံးပြုပါသည်။ ဂလူးကို့စ်ဟာ ခန္ဓာကိုယ်တစ်လျှောက်သွားပြီး စွမ်းအင်အတွက်သကြားသုံးတဲ့ ဆဲလ်တွေက သူ့ကိုရယူလိုက်ပါတယ်။ ဒါဟာ တစ်ရှုးနဲ့အင်္ဂါအမျိုးမျိုးကို ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ အရောင်ပုံရိပ်များလို ပေါ်လာစေပါတယ်။ ကင်ဆာဆဲလ်တွေဟာ တစ်ခါတစ်ရံမှာ တခြားဆဲလ်တွေထက် လျင်မြန်စွာ ပျံ့ပွားကြီးထွားပြီး သကြားများကို ပိုယူပါတယ်။ PET ဟာ CT Scan နဲ့ MRI တို့မှာ မပေါ်တဲ့ ခန္ဓာကိုယ်ရဲ့ နေရာတွေက ကင်ဆာတွေကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။
    • ကွန်ပျုတာဖြင့်တွက်ချက်တိုမိုဂရက်ဖီ (စီတီ (သို့) စီအေတီစကင်န်) သည် ခန္ဓာကိုယ်တွင်းမှ တစ်ရှုးများနှင့် အင်္ဂါများ၏ပုံရိပ်များကို ဖန်တီးရန် ဓါတ်ရောင်ခြည်ကို သုံးပါသည်။
ပြန့်ပွားမယ်လန်နိုမာနှင့် ကလေးလူနာတစ်ဦး၏ ပီးအီတီစကင်န်။ မယ်လန်နိုမာပျံ့နှံ့သည့်နေရာများကို ပြသရန် ပုံကို မှတ်သားထားပါသည်။

ကလေးလူနာတစ်ယောက်၏ ပြန့်ပွားမယ်လန်နိုမာကို ပြသနေသည့် ပီအီးတီစကင်န်။ ကင်ဆာပျံ့နှံ့ပြီးနေရာများဖြစ်သည့် အစိမ်းရောင်မြှားမှတ်

မယ်လန်နိုမာအဆင့်ခွဲခြားခြင်း

မယ်လန်နိုမာ အဆင့် ၁ (သို့) ၂ (အရေပြားတွင်သာရှိသည့်မယ်လန်နိုမာ)၊ အဆင့် ၃ (ပြန်ရည်ဖုများသို့ပျံ့နှံ့သွားသော မယ်လန်နိုမာ) နှင့် အဆင့် ၄ (ပျံ့ပွား မယ်လန်နိုမာ) ဟူ၍ မယ်လန်နိုမာကို အဆင့်ခွဲခြားနိုင်ပါသည်။

မယ်လန်နိုမာအဆင့်ကို ဆုံးဖြတ်သောအကြောင်းအရင်းများတွင် ပါဝင်များသည်မှာ-

  • အရေပြားမှာတွေ့ရသည့်အကျိတ်၏ ထူထဲမှု (သို့) မယ်လန်နိုမာ၏ နက်ရှိုင်းမှု
  • အရေပြားအပေါ်လွှာမှ အကျိတ်သည် ကွဲကြေသွားခြင်းရှိ (အနာ) ပါက
  • အကျိတ်သည် ပြန်ရည်ဖုများသို့ပြန့်နှံ့ခြင်းရှိမရှိ
  • အကျိတ်သည် ခန္ဓာကိုယ်၏အခြားပိုင်းများသို့ပြန့်နှံ့ခြင်းရှိမရှိ

မယ်လန်နိုမာကို ရောဂါကြိုတင်ခန့်မှန်းခြင်း

မယ်လန်နိုမာမှ ပြန်ကောင်းလာနိုင်ခြေသည် ဤသို့သောအကြောင်းအရင်းအမျိုးမျိုးပေါ်တွင် မူတည်ပါသည်-

  • အကျိတ်၏ထူထဲမှု
  • အကျိတ်၏တည်နေရာ
  • ကင်ဆာသည် ပြန်ရည်ဖုများ (သို့မဟုတ်) ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများ(ပျံ့ပွား)နှင့် ပျံ့ပွားနေရာများသို့ ပျံ့နှံ့ပြီးခြင်းရှိမရှိ
  • အကျိတ်ကိုလုံးဝဖယ်ရှားပေးမဲ့ ခွဲစိတ်မှု စွမ်းရည်
  • သွေးတွင်းတွင် လတ်တေ့ဒီဟိုက်ဒရိုဂျန်နေ့(အယ်လ်ဒီအိပ်ချ်) ၏ပမာဏ

ခြုံပြောရရင် ရောဂါ၏အဆင့်သည် ရောဂါကြိုတင်ခန့်မှန်းချက်အတွက် အရေးပါဆုံးသော အကြောင်းအရင်းဖြစ်ပါသည်။ ပျံ့နှံ့ခြင်းမရှိသည့် တစ်နေရာတည်းရှိ မယ်လန်နိုမာလူနာများသည်ရှင်သန်ကျန်ရစ်နှုန်း ၉၀% အထက်ရှိ၍ ရောဂါကြိုတင်ခန့်မှန်းမှုအကောင်းဆုံးဖြစ်ပါသည်။ သို့ရာတွင် ရောဂါအဝေးပျံ့နှံ့နေသည့်လူနာများတွင် ကုသရန်ပို၍ခက်ခဲပါသည်။

မယ်လန်နိုမာကုသမှု

မယ်လန်နိုမာကုသမှုသည် မယ်လန်နိုမာ၏တည်နေရာ၊ အကျိတ်၏လက္ခဏာများ (မျိုးဗီဇပြောင်းလဲမှုများနှင့် တစ်ရှူးဗေဒ)နှင့်ရောဂါအဆင့်ပေါ်တွင် မူတည်ပါသည်။ 

စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းအပိုင်းအနေဖြင့် မယ်လန်နိုမာအတွက် ကလေးများကို ကုသပေးနိုင်ပါသည်။

စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းများအကြောင်း ပိုမိုလေ့လာရန်

မယ်လန်နိုမာပြီးနောက်ဘဝ

မယ်လန်နိုမာကို ကာကွယ်ခြင်း

မယ်လန်နိုမာအသက်ရှင်ကျန်ရစ်သူများသည် ပြန်ဖြစ်လာနိုင်ခြေမြင့်ပါသည်။ မယ်လန်နိုမာအသက်ရှင်ကျန်ရစ်သူများသည် အရေပြားအထူးကုတစ်ယောက်၏ ပုံမှန်စစ်ဆေးမှုကို အနည်းဆုံး ၆ လတစ်ခါ ယူသင့်ပါသည်။ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏အရေပြားကို ပုံမှန်စစ်ဆေးသင့်ပြီး ပြောင်းလဲမှုလက္ခဏာတစ်ခုခုရှိပါက ဆရာဝန်နှင့် တွေ့သင့်ပါသည်။ အောက်ပါတို့သည် မယ်လန်နိုမာကို ကာကွယ်ရာတွင် အထောက်အကူဖြစ်မည့် ရိုးရှင်းသောနည်းလမ်းများဖြစ်ပါသည်-

  • နေရောင်ခြည်ထိတွေ့မှုကို ကန့်သတ်ပါ။ 
  • နေရောင်ခံလိမ်းပါ။
  • နေရောင်ခံအိပ်ယာများကို ရှောင်ပါ။
  • သင်၏ အရေပြားအကြောင်း သိပါ။
  • နေဒဏ်မခံနိုင်မှုမြင့်မားသော ဆေးဝါးများကို စစ်ဆေးပါ။

မယ်လန်နိုမာသုတေသနဖောင်ဒေးရှင်း(အမ်အာအက်ဖ်)မှ ကလေးများအတွက် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးခြင်းလမ်းညွှန် ကို ကြည့်ပါ။

စလစ် စလော့ စလပ် ကစားနည်းကို သင်သိပါသလား။ နေရောင်ခြည်ဒဏ်လုံခြုံမှုနှင့်ပက်သက်၍ ဆက်လက် ရှာဖွေပါ။

ကုသမှု၏နောက်ပိုင်းသက်ရောက်မှုများ

ယေဘုယျကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးအတွက် ကင်ဆာဖြစ်ပြီးအသက်ရှင်ကျန်ရစ်သူအားလုံးသည် ကျန်းမာသောဘဝနေထိုင်မှုပုံစံနှင့် စားသုံးခြင်းအလေ့အကျင့်များကို ကျင့်သုံးသင့်ပါသည်။ ထို့အပြင် ပုံမှန်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနှင့် ရောဂါစစ်ဆေးမှုများကို မူလဆရာဝန်တစ်ယောက်ဆီမှ အနည်းဆုံးနှစ်စဉ် ဆက်လက်ပြုလုပ်သင့်ပါသည်။

ကုထုံး၏ ရုတ်တရက်နှင့်နောက်ပိုင်းသက်ရောက်မှုများအတွက့်် ကီမိုဆေးသွင်းခြင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်နှင့် ကုသသော ကလေးဘဝ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်ကျန်ရစ်သူများကို စောင့်ကြည့်ထိန်းသိမ်းသင့်ပါသည်။ 

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018