ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အမျိုးသမီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာပြဿနာများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူ အချို့သောအမျိုးသမီးများတွင် ၎င်းတို့ခံယူခဲ့သည့် အချို့သောကုထုံးများကြောင့် — ဓမ္မတာစက်ဝန်းများ၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းတို့ကဲ့သို့သော — ၎င်းတို့၏မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာပြဿနာများကို ကြုံတွေ့ရနိုင်သည်။

အောက်ပါအချက်တို့အပေါ်မူတည်၍ အကျိုးဆက်များဖြစ်လာနိုင်သည်-

  • ကင်ဆာ၌ပါဝင်သော တစ်ရှုးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ
  • ကုထုံးအမျိုးအစား၊ ပမာဏနှင့် ပေါင်းစပ်ကုသမှု
  • ကုသမှုခံယူသည့်အချိန်ရှိ လူနာ၏အသက်

အမျိုးသမီးမျိုးပွားစနစ် ဘယ်လိုအလုပ်,လုပ်သလဲ

အမျိုးသမီးမျိုးဆက်ပွားစနစ်တွင်ပါဝင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အတူတကွ အလုပ်လုပ်ကြသည်။ ထိုအခါ အမျိုးသမီးတစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်နိုင်ခြင်း၊ ဖွံ့ဖြိုးနေသည့် ကလေးငယ်ကို မွေးဖွားချိန်မတိုင်မီအထိ ကိုယ်ဝန်ဆောင်ထားပေးခြင်း၊ မွေးဖွားပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

အမျိုးသမီးများတွင် သားဥအိမ် ၂ ခုရှိသည်။ ပျိုဖော်ဝင်နေစဉ်ကာလတွင် ဦးနှောက်ထဲရှိ ပစ်ကျူထရီဂလင်းသည် အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းတို့ကို ပိုမိုထုတ်လုပ်ရန် သားဥအိမ်များကို စတင်အချက်ပြလိုက်သည်။ ၎င်းတို့မှာ မျိုးဆက်ပွားစနစ်အလုပ်လုပ်စေရန် လိုအပ်သောဟော်မုန်းများ ဖြစ်သည်။

သားဥအိမ်များမှ တစ်လလျှင်တစ်ကြိမ် အနည်းဆုံးသားဥ ၁ ဥကြွေသည်။ အကယ်၍ သားဥမှာ သုတ်ပိုးဖြင့်မျိုးအောင်ပါက အမျိုးသမီးတွင် ကိုယ်ဝန်ရှိလာမည်ဖြစ်သည်။ မျိုးမအောင်ပါက အမျိုးသမီးတွင် ဓမ္မတာလာမည်ဖြစ်သည်။ 

မိန်းကလေးတစ်ယောက်တွင် မွေးဖွားစဉ်ကတည်းက သူမတွင်ရှိနေမည့် မမျိုးဥအားလုံးပါလာခဲ့ပြီးဖြစ်သည်။ မမျိုးဥအရေအတွက်နည်းပါးလာသောအခါ အမျိုးသမီးတစ်ဦးတွင် သွေးဆုံးခြင်းစတင်လာသည်။ ဓမ္မတာစက်ဝန်းများ ရပ်တန့်သွားသောအခါ အမျိုးသမီးတစ်ဦးတွင် ကလေးယူနိုင်တော့မည်မဟုတ်ပါ။ သွေးဆုံးသည့် ပျမ်းမျှအသက်အရွယ်မှာ ၅၁ နှစ်ဖြစ်သည်။ သို့သော် အစောဆုံး အသက် ၄၀ နှစ်တွင်လည်း စတင်သွေးဆုံးနိုင်သည်။

ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦး၏ သားအိမ်၊ သားဥပြွန်များ၊ သားဥအိမ်များ၊ သားအိမ်ခေါင်းနှင့် မိန်းမကိုယ်တို့ကို စာညွှန်းဖြင့်ပြထားသောပုံ ပင်မပုံ၏ ညာဘက်၊ အမျိုးသမီးငယ်ခန္ဓာကိုယ်ပုံတူကောက်ကြောင်းတွင် အတွင်းထုတ်ဂလင်းစနစ်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖော်ပြထားသည်။ ၄င်းတို့မှာ ပီနီယယ်ဂလင်း၊ ဟိုက်ပိုသဲလမတ်၊ ပစ်ကျူထရီဂလင်း၊ သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်၊ သိုင်းမတ်စ်၊ အက်ဒ်ရီနယ်လ်ဂလင်းနှင့် ပန်ကရိယတို့ဖြစ်ကြသည်။

အမျိုးသမီးမျိုးဆက်ပွားစနစ်တွင်ပါဝင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အတူတကွအလုပ်လုပ်ကြသည်။ ထိုအခါ အမျိုးသမီးတစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်နိုင်ခြင်း၊ ဖွံ့ဖြိုးနေသည့်ကလေးငယ်ကို မွေးဖွားချိန်မတိုင်မီအထိ ကိုယ်ဝန်ဆောင်ထားပေးခြင်း၊ မွေးဖွားပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

အမျိုးသမီးကျန်းမာရေးကိုထိခိုက်စေနိုင်သော ကင်ဆာကုထုံးများ

  1. ကင်ဆာ ကုရာတွင် သုံးသော ဆေးဝါးများ  ဓာတုကုထုံးကြောင့် သားဥအိမ်ကိုပျက်စီးစေနိုင်သည်။

    ကင်ဆာဆဲလ်များရှိ ဒီအန်အေ ကို ပျက်စီးစေသော ဆေးဝါးများ
    သတ္တုဓာတ်သိပ်သည်းဆမြင့်မားစွာပါဝင်သည့်ဆေးဝါးများ
    သောက်သုံးရန် ပုံမှန်အားဖြင့် ညွှန်ကြားလေ့မရှိသော အယ်ကာလိုင်းဂုဏ်သတ္တိရှိသော ဆေးဝါးများ
  2. လူနာ၏ တင်ပါးဆုံနေရာ၊ မျိုးပွားအင်္ဂါအစိတ်အပိုင်းများနှင့် ပစ်ကျူထရီဂလင်းတို့ကိုထိခိုက်စေသည့် ဓာတ်ကင်ခြင်း ကြောင့် လူနာ၏သန္ဓေတည်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ကုထုံးကြောင့် မျိုးဥများ၏အရေအတွက်ကို လျော့ကျစေနိုင် သို့မဟုတ် မျိုးဥ၏ အရည်အသွေးကိုထိခိုက်စေနိုင်သည်။

    ဝမ်းဗိုက်/တင်ပါးဆုံရိုး/တစ်ကိုယ်လုံး ဓာတ်ကင်ခြင်း

    သားဥအိမ်များပေါ်သို့ မဟုတ် အနီးတွင် ဓာတ်ကင်ခြင်းကြောင့် ၎င်းတို့အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းသွားစေနိုင်သည်။ ဝမ်းဗိုက်၊ တင်ပါးဆုံရိုးနှင့် ကျောရိုးအောက်ပိုင်းတို့ကို ဓာတ်ကင်ထားပါက သားအိမ်အပေါ် အကျိုးဆက်သက်ရောက်စေနိုင်သည်။ ထိုအခါ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်ချိန်မပြည့်မွေးခြင်းနှင့် မီးဖွားစဥ်ပြဿနာရများဖြစ်ခြင်း စသည်တို့၏ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည်။

    ဦးနှောက်/ဟိုက်ပိုသဲလမတ်/ပစ်ကျူထရီဂလင်း

    ပစ်ကျူထရီဂလင်းသည် သားဥအိမ်များ မှန်ကန်စွာလုပ်ဆောင်ရန်လိုအပ်သော ဟော်မုန်းနှစ်မျိုး – FSH (ဖော်လီကယ်များကိုလှုံ့ဆော်ပေးသောဟော်မုန်း) နှင့် LH (လူတီနိုက်ဇင်းဟော်မုန်း) တို့ကိုထုတ်ပေးသည်။ မမျိုးဥများကြွေစေရန် FSH သည် အရွယ်မရောက်သေးသောမမျိုးဥရှိနေသည့်အရည်အိတ်များကို လှုံ့ဆော်ပေးသည်။ LH သည် သားဥများကြွေစေရန် မမျိုးဥရှိနေသည့်အရည်အိတ်များကို အချက်ပြပေးသည်။ ဦးနှောက်၏ထိုဧရိယာသို့ ဓာတ်ရောင်ခြည်ပမာဏများများပေးထားပါက အဆိုပါဟော်မုန်းများလျော့နည်းလာစေနိုင်သည်။

    တင်ပါးဆုံရိုး ဓာတ်ကင်ခြင်းနှင့် အယ်ကာလိုင်းဂုဏ်သတ္တိရှိသောဆေးများပေါင်းစပ်၍ ကုသခြင်း

    တင်ပါးဆုံရိုးအားဓာတ်ကင်ခြင်းနှင့် အယ်ကာလိုင်းဂုဏ်သတ္တိရှိသောဆေးပမာဏမြင့်မြင့်တို့ကို ပေါင်းစပ်၍ ကုသမှုကြောင့် မျိုးဆက်ပွားလုပ်ဆောင်ချက်အား ထိခိုက်နိုင်ခြေကိုပါ မြင့်တက်သွားစေသည်။

  3. ပစ်ကျူထရီဂလင်းအားထိခိုက်စေသည့် အကျိတ်များနှင့်/ သို့မဟုတ် ခွဲစိတ်မှုတို့ကြောင့် LH နှင့် FSH ချို့တဲ့သွားစေနိုင်ပြီး၊ သားဥအိမ်များအလုပ်လုပ်ခြင်းကိုပါ ရပ်တန့်သွားစေနိုင်သည်။ အဆိုပါအခြေအနေကို ဦးနှောက်တွင်းပြောင်းလဲမှုကြောင့်မျိုးပွားအင်္ဂါ၌ဟော်မုန်းနည်းပါးနေခြင်းဟု ခေါ်သည်။

    သွေးဆုံးလေ့ရှိသည့် ပုံမှန်အသက်အရွယ်မတိုင်မီ သားဥအိမ်နှစ်ခုစလုံးကို ခွဲစိတ်ဖြတ်ထုတ်ထားပါက သားဥမကြွေနိုင်တော့ခြင်းကို ဖြစ်စေနိုင်သည်။

    သွေးဆုံးလေ့ရှိသည့် ပုံမှန်အသက်အရွယ်မတိုင်မီ သားဥအိမ်တစ်ခုကိုခွဲစိတ်ဖြတ်ထုတ်ထားပါက အချိန်မတိုင်မီသွေးဆုံးခြင်းကို ဖြစ်စေနိုင်သည်။

အသက်အရွယ်

ယေဘုယျအားဖြင့် ကင်ဆာကုသမှုခံယူချိန်တွင် မြှီးကောင်ပေါက်နှင့် လူကြီးတစ်ပိုင်းဖြစ်နေသူများသည် မိန်းကလေးငယ်များထက်စာလျှင် မျိုးဆက်ပွားဆိုင်ရာပြဿနာများ ပိုဖြစ်နိုင်ခြေရှိသည်။

ဖြစ်ပွားနိုင်သည့် ပြဿနာရပ်များ

  1. သားဥအိမ်များထိခိုက်သွားခြင်းကြောင့် ပျိုဖော်ဝင်ချိန်နှောင့်နှေးနိုင်သည် (အသက် ၁၃ နှစ်ကျော်လာသည့်တိုင်ရင်သားဖွံဖြိုးမှုလက္ခဏာမရှိခြင်း)။ သို့မဟုတ် ရပ်တန့်သွားနိုင်သည် (ပျိုဖော်ဝင်သည့်အခြေအနေသို့တိုးတက်လာမှု မရှိတော့ခြင်း၊ အသက် ၁၆ နှစ်ကျော်အထိ ဓမ္မတာမပေါ်ခြင်း)။ ထိုကဲ့သို့ဖြစ်နေသောမိန်းကလေးများတွင် ပျိုဖော်ဝင်စေရန်နှင့် ဓမ္မတာပေါ်စေရန်အတွက် ဆရာဝန်မှ ညွန်ကြားထားသည့်ဟော်မုန်းကုထုံးကို လိုအပ်မည်ဖြစ်သည်။

  2. ကုထုံးခံယူနေစဥ်အချိန်အတွင်း အမျိုးသမီးအများစုတွင် ဓမ္မတာယာယီရပ်တန့်သွားနိုင်သော်လည်း နောက်ပိုင်းတွင် ဓမ္မတာပြန်ပေါ်မည်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်နေသည့် အချိန်ကာလအပိုင်းအခြားကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါ။ အချို့သောလူနာများတွင် နှစ်ပေါင်းများစွာကြာနိုင်သည်။ အမျိုးသမီးများကလေးမလိုချင်သေးပါက သားဆက်ခြားနည်းလမ်းများအသုံးပြုရန် အရေးကြီးသည်။

  3. ကင်ဆာကုထုံးကြောင့် အမျိုးသမီးများတွင် မျှော်မှန်းထားသည့်အချိန်ထက်စော၍ (အသက် ၄၀ မတိုင်မီ) သွေးဆုံးသွားနိုင်သည်။ သွေးဆုံးချိန်စောနိုင်ခြေရှိသည့်အမျိုးသမီးများ အသက် ၃၀ ကျော်လာပါက ကလေးမယူသေးဘဲ အချိန်ဆိုင်းထားခြင်းမျိုးမပြုလုပ်ရန် ကျန်းမာရေးကုသမှုပေးသူပညာရှင်များမှ အကြံပြုထားသည်။

  4. သားဥမကြွေနိုင်တော့သောအမျိုးသမီးများသည် မျိုးပွားခြင်း၊ သန်မာသောအရိုးများ၊ ကျန်းမာသောနှလုံးနှင့် အလုံးစုံသောကျန်းမာသုခတို့အတွက် လိုအပ်သည့်မဟော်မုန်းကို လုံလောက်စွာမထုတ်ပေးတော့ပါ။ အဆိုပါပြဿနာမျိုးဖြစ်နိုင်ခြေရှိသည့် မိန်းကလေးများအနေဖြင့် အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်နိုင်သည်။

  5. မျိုးမ,အောင်ခြင်းဆိုသည်မှာ ကလေးမမွေးနိုင်တော့ခြင်းဖြစ်သည်။ မျိုးအောင်နိုင်ခြေ မရှိသည့်အမျိုးသမီးများအနေဖြင့် မျိုးအောင်ခြင်းဆိုင်ရာအထူးကုတစ်ဦးနှင့် ပြသလိုက ပြသနိုင်သည်။

  6. အမျိုးသမီးများသည် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်ချိန်မပြည့်သောကလေးမွေးခြင်းနှင့် မီးဖွားစဥ်ပြဿနာများဖြစ်ခြင်း စသည်တို့၏ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည်။ အန်ထရာဆိုက်ကလင်းအသုံးပြု၍ ဓာတုကုထုံးခံယူထားသည့် အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်နေစဥ် သို့မဟုတ် မီးဖွားနေစဥ် နှလုံးပြဿနာများဖြစ်လာနိုင်သည်။ ကလေးယူရန်စီစဥ်နေသူများ သို့မဟုတ် ကိုယ်ဝန်ရှိနှင့်ပြီးဖြစ်သော ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် နှလုံးကြွက်သားလုပ်ဆာင်ချက်ကို ဆန်းစစ်သည့်စစ်ဆေးမှုတစ်ခုကို ပြုလုပ်ထားသင့်သည်။ ထိုကဲ့သို့သော ကျန်းမာရေးလိုအပ်ချက်များရှိနေသည့်အမျိုးသမီးများအနေဖြင့် အန္တရာယ်ရှိသောကိုယ်ဝန်များကို အထူးပြုလေ့လာထားသည့် သားဖွားဆရာဝန်တစ်ဦးထံတွင် ပြသထားသင့်သည်။

ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှ ဘာတွေလုပ်ဆောင်နိုင်သလဲ

ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် အောက်ဖော်ပြပါ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို နှစ်စဥ်ပြုလုပ်သင့်သည်။

  • ပျိုးဖော်ဝင်ခြင်းဆိုင်ရာတိုးတက်မှုကို စစ်ဆေးခြင်း
  • ဓမ္မတာစက်ဝန်းနှင့် ကိုယ်ဝန်ဆောင်မှတ်တမ်းယူခြင်း
  • လိင်မှုဆိုင်ရာစစ်ဆေးခြင်း
  • FSH၊ LH နှင့် အက်စထရာဒီအိုပမာဏတို့ကို သွေးစစ်ခြင်း အက်စထရာဒီအိုသည် အမျိုးသမီးမဟော်မုန်း၏ ပုံစံတစ်မျိုးဖြစ်သည်။

အကယ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အဆိုပါဧရိယာများ၌ ပြဿနာများတွေ့ရှိပါက သူ သို့မဟုတ် သူမသည် ကင်ဆာရောဂါမှလွတ်မြောက်လာသူကို အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးထံ သို့မဟုတ် အခြားအထူးကုများထံသို့ လူနာလွှဲပြောင်းပေးနိုင်သည်။

ဟော်မုန်းများနှင့် မျိုးအောင်ခြင်းတို့ကို သက်ရောက်မှုဖြစ်စေသည့်အခြေအနေများအတွက်လည်း ကုသမှုများရှိသည်။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈